12min Notes Myanmar
Your body language may shape who you are - Amy Cuddy
Your body language may shape who you are - Amy Cuddy
✨၂ မိနစ်လောက် အချိန်ပေးရုံနဲ့ ကိုယ့်ရဲ့တွေးခေါ်ပုံနဲ့ စိတ်ခံစားချက်တွေကို ကောင်းမွန်စွာ အကျိုးသက်ရောက်နိုင်စေမယ့် နည်းလမ်းကောင်းတစ်ခု ရှိပါတယ်။
ဒီနည်းလမ်းကောင်းလေးကိုတော့ လူမှုရေး စိတ်ပညာ သိပ္ပံပညာရှင်တစ်ယောက်ဖြစ်တဲ့ 𝗔𝗺𝘆 𝗖𝘂𝗱𝗱𝘆 က သူမရဲ့ "Your body language may shape who you are" ဆိုတဲ့ TED Talk မှာ မျှဝေသွားခဲ့တာ ဖြစ်ပါတယ်။
နည်းလမ်းကောင်းလေးရဲ့ လျှို့ဝှက်ချက်ကတော့ ကိုယ့်ရဲ့ ကိုယ်ဟန်အနေအထားကို ၂ မိနစ်မျှ ပြောင်းပေးရုံပါပဲ။
▂▂▂▂▂▂▂▂▂▂▂▂▂▂
ကျွန်တော်တို့ဟာ ခန္ဓာကိုယ်ဘာသာစကား (Body Language) ဆိုတာနဲ့ ပတ်သက်ပြီး စိတ်၀င်တစား ရှိကြပါတယ်။ အထူးသဖြင့် တခြားသူတွေရဲ့ Body Language အကြောင်းကိုပါ။
လူမှုရေး သိပ္ပံပညာရှင်တွေကတော့ Body Language (ခန္ဓာကိုယ် ဘာသာစကား) ကို Nonverbal behavior (နှုတ်ဖြင့်မဟုတ်သော အပြုအမူ)လို့ ခေါ်ကြပါတယ်။
ကျွန်တော်တို့ဟာ နှုတ်ကထွက်တဲ့ စကားလုံးတွေကိုတော့ အရေးပါမှန်း နားလည်ထားကြပြီးသားပါ။ ဒါဆိုရင် ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ဘာသာစကားကို ကိုယ်စားပြုတဲ့ ကိုယ်ဟန်အနေအထားတွေ၊ အမူအရာတွေ၊ အပြုအမူတွေကရော ကျွန်တော်တို့ရဲ့ နှုတ်ထွက်ဘာသာစကားကို ကိုယ်စားပြုတဲ့ စကားလုံးတွေနီးနီး အရေးပါတယ်ဆိုတာကို ယုံနိုင်မလား။
▂▂▂▂▂▂▂▂▂▂▂▂▂▂
Body Language ဟာ ဘာကြောင့် အရေးကြီးသလဲဆိုရင်—
ကျွန်တော်တို့ဟာ တခြားသူတွေရဲ့ အပြုအမူတွေကို ကြည့်ပြီး တကယ့်ကိုပဲ ကြီးမားတဲ့ ဝေဖန်ကောက်ချက်ချမှုတွေကို ပြုလုပ်တတ်ကြလေ့ ရှိလို့ပဲ ဖြစ်ပါတယ်။
တခြားသူတွေဟာလည်း ဒီအတိုင်းပါပဲ။
ကျွန်တော်တို့ရဲ့ ကိုယ်ဟန်အမူအရာ၊ အပြုအမူတွေကို အပေါ်ယံသုံးသပ်ပြီး ကျွန်တော်တို့နဲ့ ပတ်သက်ပြီး ကြီးမားတဲ့ ဆုံးဖြတ်မှုတွေ၊ ဝေဖန်ကောက်ချက်ချမှုတွေကို ပြုလုပ်တတ်ကြလေ့ ရှိပါတယ်။
▂▂▂▂▂▂▂▂▂▂▂▂▂▂
ဒါပေမယ့် ဒီနေရာမှာ အားလုံးပဲ လွတ်သွားကြတဲ့ ဒီ လျှို့ဝှက်ချက်ကတော့ ကိုယ့်ရဲ့ ဟန်ပန်အမူအရာ၊ ကိုယ်နေဟန်ထားတွေက ကျွန်တော်တို့ ကိုယ်တိုင်အပေါ်မှာလည်း ပြန်ပြီးသက်ရောက်မှုရှိတယ် ဆိုတဲ့အချက်ပဲ ဖြစ်ပါတယ်။
ဥပမာအားဖြင့် - ကျွန်တော်တို့ဟာ ပျော်ရွှင်မှုကို ခံစားရတဲ့အခါမှာ ပြုံးလေ့ရှိကြပါတယ်။ ဒါပေမယ့် ပြောင်းပြန်သက်ရောက်မှုတစ်ခုအနေနဲ့ ကျွန်တော်တို့ဟာ ကိုယ့်ကိုယ်ကိုယ် ရယ်ပြုံးဖို့ တွန်းအားပေးတဲ့အခါမှာလည်း ပျော်ရွှင်မှုကို ခံစားလာရတယ် ဒါမှမဟုတ် ခံစားလာရဖို့ အလားအလာပိုကောင်းတယ် ဆိုတာပါပဲ။
▂▂▂▂▂▂▂▂▂▂▂▂▂▂
Amy Cuddy ရဲ့ စကားကို ပြန်သုံးရင်း အတိုချုပ်ရှင်းပြရမယ်ဆိုရင် -
“ Our bodies change our minds, and our minds can change our behaviors, and our behaviors change our outcomes “
“ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်တွေဟာ ကျွန်တော်တို့တွေရဲ့ စိတ်နေစိတ်ထားကို ပြောင်းလဲစေတယ်။ နောက်ပြီး ကျွန်တော်တို့ရဲ့ စိတ်နေစိတ်ထားဟာ ကျွန်တော်တို့ရဲ့ အပြုအမူတွေကို ပြောင်းလဲစေနိုင်တယ်။ ကျွန်တော်တို့ရဲ့ အပြုအမူတွေဟာ ကျွန်တော်တို့ရဲ့ အကျိုးရလဒ်တွေကို ပြောင်းလဲစေတယ် “ ဆိုတာပဲ ဖြစ်ပါတယ်။
လူမှုရေး သိပ္ပံပညာရှင်တွေရဲ့ သုတေသနတွေမှာ နေ့စဉ်နေ့တိုင်း ၂မိနစ်မျှ Power Posing လုပ်တဲ့ သူတွေဟာ အင်အားကြီးမှု ၊ ဖျတ်လတ်သွက်လက်မှုကို ပိုပြီးခံစားရစေတယ်ဆိုတဲ့ ဖော်ပြမှုတွေ ရှိပါတယ်။
▂▂▂▂▂▂▂▂▂▂▂▂▂▂
❗Power Posing ဆိုတာ ဘာလဲ?
Power Posing ဆိုတာကတော့ အောင်ပွဲခံ အမူအရာတွေ၊ သူဌေးတစ်ယောက်လို ခါးထောက်တဲ့ ပုံစံမျိုးတွေ၊ ထိိုင်ခုံမှီပြီး စားပွဲပေါ် ခြေထောက်တင်တဲ့ အပြုအမူတွေ စသဖြင့် ကိုယ့်ကိုကိုယ် အင်အားကြီးသလို ခံစားစေရမယ့် ကိုယ်ဟန်အနေအထား အမူအရာတွေကို ကိုယ်တိုင် လေ့ကျင့်ခန်းတစ်ခုသဖွယ် လိုက်လံလေ့ကျင့်လုပ်ဆောင်ခြင်းကို ခေါ်တွင်တဲ့ အသုံးအနှုန်းတစ်ခု ဖြစ်ပါတယ်။
စာဖတ်သူတို့လည်း ကြုံတွေ့ခံစားဖူးကြမယ့် အမြင်သာဆုံး ဥပမာတစ်ခုကို ပေးရရင် အလုပ်အင်တာဗျူးတွေက မပါမဖြစ်ပါပဲ။ ဒီနေ့ ကမ္ဘာကြီးလို မြန်ဆန်ဖျတ်လတ်လွန်းတဲ့ ပတ်ဝန်းကျင်မှာ အရာအားလုံး၊ လူအားလုံးအတွက် အချိန်ဆိုတာက အရှားဆုံး၊ အာရုံဆိုတာက ပေးဖို့ အခက်ခဲဆုံးဖြစ်လာကြပါပြီ။
လူတစ်ယောက်ကို အပေါ်ယံ အကဲဖြတ်သုံးသပ်ဝေဖန်တာက ဘယ်လိုပဲ တိမ်လွန်းတယ်ပြောပြော၊ မှားယွင်းတယ်ဆိုဆို များပြားတဲ့ လူတွေကို ဒီလို အပေါ်ယံ စီးစောင်းကြည့်ဖို့ အကဲဖြတ်ဖို့ အပြင် အခြားမတတ်နိုင်တော့တဲ့ ခေတ်အချိန်တွေ ရောက်ရှိနေပါပြီ။
ဒီလိုပြောခြင်းက အလုပ်အင်တာဗျူးဖြေနေချိန်မှာ Power Posing အပြုအမူတွေကို လုပ်ဖို့ လိုအပ်တယ်လို့ ဆိုလိုတာ မဟုတ်ပါဘူးနော်။
Power Posing လိုမျိုး စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာ နည်းလမ်းတွေနဲ့ စာဖတ်သူရဲ့ ကိုယ်ဟန်အနေအထားတွေကို လေ့ကျင့်ပေးခြင်းအားဖြင့် စာဖတ်သူရဲ့ စိတ်နေစိတ်ထားတွေ၊ အလုပ်အင်တာဗျူးလိုမျိုး ဖိအားများတဲ့ လူမှုရေးအခြေအနေတွေအောက်မှာ စွမ်းဆောင်ရည်နဲ့ ခံနိုင်ရည် ပိုပြီးမြင့်မားပြီး တုံ့ပြန်မှုကောင်း၊ အောင်မြင်မှုတွေ ပိုမို ရရှိနိုင်ချေ များတယ်ဆိုတာကို မြင်သာအောင် ပြောပြခြင်း ဖြစ်ပါတယ်။
▂▂▂▂▂▂▂▂▂▂▂▂▂▂
နောက်ထပ်တစ်ကြိမ် Amy Cuddy ရဲ့ စကားကို ပြန်သုံးရမယ်ဆိုရင်တော့…
“Fake it till you become it“
“တကယ်ဖြစ်မလာခင်အထိ ဖြစ်လာမယ့်ပုံစံအတိုင်း ဟန်ဆောင်နေပါ“ ဆိုတဲ့ စကားအတိုင်းပါပဲ။
တစ်ခါတရံမှာ ကျွန်တော်တို့ဟာ မယုံကြည်နိုင်လောက်အောင်ပဲ ကိုယ့်ကိုယ်ကိုယ် အားငယ်မှု၊ သိမ်ငယ်မှုတွေ၊ သေးငယ်မှုတွေကို ခံစားရချိန်တွေ ရှိတတ်ကြပါတယ်။
ဒီလို အတွေးတွေ မရှိခဲ့ရင်တော့ အကောင်းဆုံးပေမယ့် ဒီလို ခံစားချက်မျိုးတွေ ကြုံတွေ့ခံစားရလို့ ဝမ်းနည်းစိတ်ပျက်နေခဲ့ရင် စာဖတ်သူအနေနဲ့ ဒီစာသားလေးကို သတိတရရှိပြီး တကယ်ဖြစ်မလာခင်အထိ ဖြစ်လာမယ့်ပုံစံအတိုင်း ကြိုးစားကြည့်ဖို့ လိုပါတယ်။
▂▂▂▂▂▂▂▂▂▂▂▂▂▂
ဒီနေ့ပြောပြတဲ့ အကြောင်းအရာလေးက စာဖတ်သူအတွက် အကျိုးရှိမယ်လို့ မျှော်လင့်ပါတယ်ဗျာ။
အခုပြောပြသွားတဲ့ TED Talk လေးကိုတော့ အောက်က Link ကနေ တစ်ဆင့် ကြည့်ရှုလို့ရပါတယ်ခင်ဗျာ။
https://www.ted.com/talks/amy_cuddy_your_body_language_may_shape_who_you_are/
❌ 12min Notes Myanmar ၏ မြန်မာဘာသာ TED Talk review များကို Credit ပေး၍ ကူးယူခြင်းကို ခွင့်မပြုပါ။ ❌
Author : 12min Notes Myanmar