12min Notes Myanmar
Ikigai - Francesc Miralles and Hector Garcia
Ikigai - Francesc Miralles and Hector Garcia
📚Ikigai: The Japanese Secret to a Long and Happy Life
Ikigai စာအုပ်ကိုတော့ နာမည်ကြီး စာရေးဆရာနှစ်ယောက်ဖြစ်တဲ့ Héctor García နဲ့ Francesc Miralles တို့က တွဲဖက်ရေးသားထားတာ ဖြစ်ပါတယ်။
Héctor García ကတော့ ဂျပန်နိုင်ငံရဲ့ ရောင်းအားအကောင်းဆုံး နံပါတ် ၁ စာအုပ်ဖြစ်တဲ့ ‘A Geek in Japan’ စာအုပ်ကို ရေးသားခဲ့သူဖြစ်ပြီး Francesc Miralles ကတော့ Best seller စာအုပ်များစွာနဲ့ ဘာသာစကားနှစ်ဆယ်ကျော် ပြန်ဆိုရေးသားခဲ့ရအောင် ရောင်းအားကောင်းခဲ့တဲ့ ‘Love in Lowercase’ စာအုပ်ကို ရေးသားခဲ့သူပါ။
‘Ikigai’ ဆိုတာကတော့ ဂျပန်စကားအရ ‘လူတိုင်းအသက်ရှင်နေထိုင်ရန် အကြောင်းပြချက်’လို့ အဓိပ္ပာယ်ရပါတယ်။
ဒီစာအုပ်ကိုတော့ စာရေးသူတွေဟာ ပျမ်းမျှအသက် ၁၀၀ ခန့်အထိ နေထိုင်နိုင်ကြသူတွေ အများဆုံးရှိတဲ့ ဂျပန်ရွာကို သွားရောက်လေ့လာသုသေတနပြုပြီး ရေးသားခဲ့တာ ဖြစ်ပါတယ်။ ဒီစာအုပ်ထဲမှာ အသက်ရှည်တဲ့လူတွေရဲ့ စားပုံသောက်ပုံတွေ၊ လှုပ်ရှားပုံတွေ၊ အလုပ်လုပ်ပုံတွေ၊ ပူးပေါင်းဆောင်ရွက်မှုတွေ စတဲ့ သူတို့ရဲ့ လျှို့ဝှက်ချက်တွေကို ထုတ်ဖော်ရေးသားထားတာဖြစ်ပါတယ်။
~~~~~
ဂျပန်အဆိုအရ လူတိုင်းမှာ ‘Ikigai’ ရှိပါတယ်။ ကမ္ဘာပေါ်မှာ အသက်အရှည်ဆုံးလူများရှိတဲ့ ဂျပန်ရွာမှ နေထိုင်သူများရဲ့ အဆိုအရတော့ အသက်ရှည်နေထိုင်ဖို့ အရေးကြီးဆုံးသော့ချက်က ပျော်ရွှင်မှုပါပဲတဲ့။
ပျော်ရွှင်ဖို့အတွက်လည်း ကျနော်တို့နှစ်သက်တဲ့အရာကို လုပ်ဆောင်နေဖို့လိုပါတယ်။ အလုပ်လုပ်နေရခြင်းရဲ့ ပျော်ရွှင်မှုကိုရပြီဆိုရင် နေ့စဉ်နေ့တိုင်းက အဓိပ္ပာယ်အပြည့်ရှိနေမှာပါ။
အဲ့ဒါကြောင့်လည်း ဂျပန်လူမျိုး တော်တော်များများက အငြိမ်းစားမယူကြတာ ဖြစ်ပါတယ်။ သူတို့တွေဟာ တက်ကြွပျော်ရွှင်စွာနဲ့ သူတို့နှစ်သက်တဲ့ အလုပ်ကိုဆောင်ရွက်နေကြပါတယ်။ အဲ့ဒါကိုလည်း သူတို့က သူတို့ဘဝရဲ့ တကယ့်ရည်ရွယ်ချက်လို့ သတ်မှတ်ကြပြီး အမြဲအလုပ်ရှုပ်နေရခြင်းနဲ့ ဘဝရဲ့ပျော်ရွှင်မှုကို ခံစားနေကြပါတယ်။
~~~~~
ဒီစာအုပ်ကို ဖတ်ခြင်းအားဖြင့် ကျနော်တို့တစ်တွေရဲ့ ကိုယ်ပိုင် ‘Ikigai’ ကို ရှာဖွေတွေ့ရှိနိုင်မှာ ဖြစ်ပါတယ်။ ဒီစာအုပ်ထဲမှာလည်း ကျနော်တို့ရဲ့ Ikigai ကို ရှာဖို့အတွက် လိုအပ်တဲ့အကြောင်းအရာ၊ အချက်အလက်တွေကို ဖော်ပြထားပါတယ်။
▃▃▃▃▃▃▃▃▃▃▃▃▃▃▃▃
ဒီနေ့မှာတော့ Ikigai စာအုပ်ထဲမှ ဘဝရှင်သန်ခြင်းဆိုင်ရာ အကြောင်းအရာ (၅) ချက်ကို ပြောပြပေးသွားမှာပါ။
🧶၁။ သင့်ရဲ့ ဝါသနာကို ရှာဖွေပါ။
ဒါကတော့ Ikigai စာအုပ်ရဲ့ အဓိကအခြေခံအကြောင်းအရာပဲ ဖြစ်ပါတယ်။ ဒီစာအုပ်ထဲမှာဆိုရင် ကိုယ့်ရဲ့ ဝါသနာ၊ စိတ်ဝင်စားမှုနဲ့ ကိုယ့်ကို ပျော်ရွှင်စေတဲ့အရာတွေကို ပြန်စဉ်းစားဖို့ အကြံပြုထားတယ်။ ကိုယ် သဘောကျတဲ့အရာတွေကို ဆောင်ရွက်မှသာ ကျနော်တို့တွေက ပျော်ရွှင်လာပြီး အသက်ရှင်သန်ခြင်းရဲ့ အရသာကို သိရှိလာနိုင်မှာဖြစ်ပါတယ်။
အဲ့လိုမှသာ ကျနော်တို့တွေဟာ ဆက်လက်ရှင်သန်ချင်စိတ် ရှိလာမှာပါ။ အသက်ဆက်လက်ရှင်သန်ချင်စိတ်ဟာ အသက်ရှည်ရှည် နေထိုင်ဖို့အတွက် အရေးကြီးတဲ့ လိုအပ်ချက်တစ်ခုဆိုတာ မမေ့လျော့လိုက်ပါနဲ့။
~~~~~
🧶၂။ လက်ရှိပစ္စုပ္ပန် အခိုက်အတန့်မှာပဲ ရှင်သန်နေထိုင်ပါ။
ကျနော်တို့ဟာ အတိတ်အကြောင်း၊ အနာဂတ်အကြောင်းတွေတွေးပြီး စိတ်ပူပန်နေ၊ ပင်ပန်းနေကြပါတယ်။ ဒီစာအုပ်ထဲမှာဆိုရင် လက်ရှိအခိုက်အတန့်မှာပဲ ရှင်သန်နေထိုင်ခြင်းရဲ့ အရေးပါမှုကို အလေးပေးရေးသားထားပါတယ်။
လက်ရှိအခိုက်အတန့်မှာပဲ ရှင်သန်နေထိုင်ခြင်းအားဖြင့် ကျနော်တို့ဟာ ကြုံတွေ့လာသမျှ အတွေ့အကြုံတစ်ခုစီတိုင်းကို ခံစားနိုင်ပြီး ဘဝရဲ့ အရသာကို ခံစားနိုင်မှာဖြစ်ပါတယ်။ ဘဝရဲ့ အလှတရားတွေကို ပိုတန်ဖိုးထားလာပြီး နေထိုင်ရှင်သန်ရခြင်းအပေါ် ကျေနပ်ပျော်ရွှင်စိတ်တွေ တိုးလို့ ပေါ်ပေါက်လာမှာ ဖြစ်ပါတယ်။
~~~~~
🧶၃။ စိန်ခေါ်မှုမှန်သမျှကို ခံနိုင်ရည်ရှိအောင်မွေးမြူပါ။
ဘဝဆိုတာကတော့ အမြဲတမ်းပျော်ရွှင်ကောင်းမွန် အေးချမ်းနေတာတော့ မဟုတ်ပါဘူး။ ဘဝက စိန်ခေါ်မှုတွေနဲ့ ပြည့်နှက်နေတာပါ။ စိန်ခေါ်မှုတွေအားလုံးကို ခံနိုင်ရည်ရှိအောင်ကြိုးစားပြီး အပျက်အစီး အဆုံးအရှုံးတွေထဲကနေ ဖီးနစ်ငှက်တစ်ကောင်လို ပြန်လည်ထမြောက်နိုင်တာကမှ
တကယ့် အင်အားစစ်ပါပဲ။
ဒီစာအုပ်ထဲမှာဆိုရင် ကျနော်တို့ကို အတွေးအခေါ်အသစ်တွေ ချမှတ်နိုင်ဖို့နဲ့ စိန်ခေါ်မှုများကနေ သင်ယူဖို့ ပြောပြထားပါတယ်။ ဒါမှသာ ဘဝကြီးက မြင့်မားလာပြီး စိတ်ဝင်စားဖို့ကောင်းစွာနဲ့ အသက်ရှင်နေထိုင်နိုင်မှာ ဖြစ်ပါတယ်။
~~~~~
🧶၄။ စိတ်အာရုံကို အသိတရားအပြည့်နဲ့ လွှမ်းခြုံထားနိုင်ဖို့ လေ့ကျင့်ပါ။
စိတ်ကို သတိတရားအပြည့်နဲ့ လွှမ်းခြုံထားနိုင်ဖို့လည်း ဒီစာအုပ်က အကြံပြုထားပါသေးတယ်။ အဲ့ဒါမှသာ ကျနော်တို့ရဲ့ အာရုံစိုက်မှုတွေဟာ တည်တည်ငြိမ်ငြိမ်နဲ့ ကျနော်တို့ နှစ်သက်တဲ့ အရာတွေအပေါ်မှာပဲ ဗဟိုပြုနိုင်လာမှာပါ။
ကျနော်တို့ရဲ့ အတွေးတွေနဲ့ စိတ်ခံစားမှုတွေကို အာရုံစိုက်ခြင်းအားဖြင့် ကျနော်တို့ရဲ့ အတွင်းစိတ်ကမ္ဘာကို ထိုးထွင်း သိမြင်လာနိုင်ပြီး ကိုယ့်ကိုယ်ကိုယ် ပိုမိုနားလည်သိရှိလာနိုင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ပိုနားလည်လာပြီဆိုရင် နေထိုင်ရှင်သန်ရတာက ပိုပျော်ဖို့ကောင်းလာမှာပါပဲ။
~~~~~
🧶၅။ အခြားလူတွေနဲ့ ဆက်ဆံရေးကို ပြုစုပျိုးထောင်ပါ။
အခြားသူများနဲ့ ဆက်ဆံရေးတည်ဆောက်ခြင်းနဲ့ အဲ့ဒီဆက်ဆံရေးကို အထိအခိုက်မရှိအောင် ပြုစုပျိုးထောင်ခြင်းရဲ့ အရေးပါပုံတွေကို ဒီစာအုပ်က မီးမောင်းထိုးပြထားပါတယ်။ သူငယ်ချင်းတွေ၊ မိသားစုတွေ၊ ပတ်ဝန်းကျင်အသိုင်းအဝိုင်းတွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိခြင်းက ဘဝကို ပိုပြီး အဓိပ္ပာယ်ရှိစေပါတယ်။ ရင်းနှီးမှုနဲ့ ချစ်ခြင်းမေတ္တာတွေကို ခံစားရတဲ့အခါ ကျနော်တို့ရဲ့ ဘဝရည်ရွယ်ချက်တွေဟာ ပိုမိုနက်ရှိုင်းလာပြီး ရှင်သန်နေရတာဟာ ပိုမိုပျော်ရွှင်စရာ ကောင်းလာပါလိမ့်မယ်။
▃▃▃▃▃▃▃▃▃▃▃▃▃▃▃
ဒီနေ့ ပြောပြပေးသွားတဲ့အကြောင်းအရာတွေကတော့ Ikigai စာအုပ်ထဲမှာ ဖော်ပြထားတဲ့ ဘဝရှင်သန်ခြင်းဆိုင်ရာအကြောင်းအရာတွေဖြစ်ပါတယ်။
အခုပြောပြခဲ့တဲ့ အချက် ၅ ချက်ထဲက သင်ရော ဘယ်အချက်ကို အကြိုက်ဆုံးလဲ ပြောပြပေးပါဦး။
Disclaimer: 12min Notes Myanmar share reviews and recommendations of international best-selling books for Burmese people for educational purpose only. We do not own the trademarks or copyrights of the books or the authors mentioned on our page. All rights belong to the rightful owners. No copyright or intellectual property infringement is intended.
Author : 12min Notes Myanmar