12min Notes Myanmar
How to Listen - Oscar Trimboli
How to Listen - Oscar Trimboli
🔺 စကားကြွယ်စွာ ပြောတတ်ခြင်းက ပါရမီပဲဆိုရင် ကောင်းကောင်းနားထောင်ပေးတတ်ခြင်းကလည်း အရည်အချင်းတစ်ခုပါပဲ။🔺
ကျွန်တော်တို့တွေဟာ ကိုယ့်ရဲ့ပတ်ဝန်းကျင်ကသူတွေကို အမြဲတမ်းစကားတွေပဲ ပြောနေလို့မရပါဘူး။ ကိုယ့်ဘေးနားကသူတွေရဲ့ အခက်အခဲတွေ၊ ပြဿနာတွေ၊ အောင်မြင်မှုတွေ၊ ဆုံးဖြတ်ချက်တွေကို ဂရုတစိုက် လေးလေးစားစား နားထောင်ပေးတတ်ဖို့လည်း လိုအပ်ပါတယ်။ အဲဒါကြောင့် ဒီနေ့မှာ တစ်ဖက်လူရဲ့ ပြောစကားတွေကို တန်ဖိုးတထား နားထောင်တတ်ပြီး ပိုကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခု ဖန်တီးနိုင်ဖို့အတွက် စာရေးဆရာ 𝐎𝐬𝐜𝐚𝐫 𝐓𝐫𝐢𝐦𝐛𝐨𝐥𝐢 ရေးသားခဲ့တဲ့ 𝐇𝐨𝐰 𝐭𝐨 𝐋𝐢𝐬𝐭𝐞𝐧 ဆိုတဲ့စာအုပ်ထဲက သိမှတ်ထားသင့်တဲ့ အကြောင်းအရာလေးတွေကို ပြန်လည်ဝေမျှပေးချင်ပါတယ်။ 🙌
စာရေးဆရာ 𝐎𝐬𝐜𝐚𝐫 𝐓𝐫𝐢𝐦𝐛𝐨𝐥𝐢 ဆိုတာက စာရေးဆရာတစ်ဦးဖြစ်တဲ့အပြင် အသံလွှင့်အစီအစဉ်တစ်ခုဖြစ်တဲ့ Deep Listening ရဲ့ ပဲ့ကိုင်ရှင်တစ်ဦးလည်း ဖြစ်ပါတယ်။ ဒီ 𝐇𝐨𝐰 𝐭𝐨 𝐋𝐢𝐬𝐭𝐞𝐧 ဆိုတဲ့ စာအုပ်မှာရော ဘယ်လိုမျိုး ဗဟုသုတတွေကို ရေးသားထားမလဲဆိုတာ ဆက်လက်ဖတ်ရှုကြပါဦးနော်။ ❣️
____________________________
ဒီစာအုပ်ထဲမှာ တိတ်ဆိတ်စွာနားထောင်တတ်ခြင်းဟာ ကောင်းမွန်တဲ့ လုပ်ဆောင်ချက်ပါပဲ ဆိုတာကို မီးမောင်းထိုးပြထားပါတယ်။ တိတ်တိတ်ဆိတ်ဆိတ်နေပြီး တစ်ဖက်လူပြောစကားကို နားထောင်တတ်ခြင်းဟာ ဆက်ဆံရေးတစ်ခုရဲ့ အခြေခံ အုတ်မြစ်ပါပဲ။ သင်ဟာ တစ်ဖက်လူရဲ့ ပြောသမျှတွေ အကုန်လုံးကို နားလည်သဘောပေါက်စရာမလိုပါဘူး။ သူတို့ပြောတာကို အာရုံစိုက်ပြီး နားထောင်ပေးနေရုံနဲ့တင် သူတို့ကို စိတ်ပိုင်းဆိုင်ရာ အထောက်အကူ၊ စိတ်ခွန်အားတွေ ပေးနိုင်ပါတယ်။ ✅
ပြီးတော့ “နားထောင်ပေးတာ” နဲ့ “ကြားနေတာ” ဟာ လုံးဝ ကွဲပြားပါတယ်။ ကြားတယ်ဆိုတာကတော့ သာမန်လူတိုင်း မွေးကတည်းက အလိုလိုပါလာတဲ့ စွမ်းနိုင်ရည်တစ်ခုပဲဖြစ်ပြီး နားထောင်ပေးတယ်ဆိုတာကတော့ အင်တိုက်အားတိုက် စကားလုံးစီတိုင်းကို စီးမြောခံစားပေးတတ်ခြင်းပဲ ဖြစ်ပါတယ်။ ကျွန်တော့်တို့ဟာ ကျွန်တော်တို့ရဲ့ ချစ်ရတဲ့ မိသားစုဝင်တွေ၊ သူငယ်ချင်းတွေရဲ့ စကားသံတွေကို ဝေဖန်ခြင်းမပြုဘဲ နားထောင်ပေးခြင်းနဲ့ ဂရုစိုက်ပေးလို့ရတယ်ဆိုတာကို မမေ့ပါနဲ့နော်။ 🦋
ဘာလို့နားထောင်ပေးတတ်ခြင်းက အရေးကြီးတာလဲ။❓
ကျွန်တော်တို့က ပြောနေတဲ့သူတွေလို့တွေးလိုက်ပါ။ ကျွန်တော်တို့ရဲ့ စိတ်ထဲမှာ တစ်ဖက်လူက “ ငါပြောတာကို ကောင်းကောင်းလည်း နားမထောင်နေဘူး၊ လျစ်လျူရှုနေတယ်” လို့ ခံစားနေရပြီဆိုရင် ကျွန်တော်တို့ဟာ အလိုလို ပိုပြီးစိတ်ပျက်အားငယ်လာမှာပါပဲ။ ဒါ့အပြင် ကိုယ့်စကားက တစ်ဖက်လူရဲ့ စိတ်ထဲ၊ နှလုံးသားထဲ ရောက်သွားဖို့အတွက် ပိုပြီးအားထည့်ပြီးပြောကြတယ်။ အဲဒီလိုအားထည့်လာတာနဲ့အမျှ ပိုပိုပြီးစိတ်ပင်ပန်းလာမယ်။ အဲဒါကြောင့်မလို့ ကိုယ့်ကို တကူးတက စကားလာပြောတဲ့သူရှိရင် အဲဒီလူရဲ့စကားကို သေသေချာချာ တက်တက်ကြွကြွ နားထောင်ပေးပြီး အကူအညီပေးလိုက်ပါနော်။ 💌
ကိုယ်ကခေါင်းဆောင်ဖြစ်နေရင် ပိုပြီးတော့တောင် နားထောင်ပေးတတ်ရပါမယ်လို့လည်း ဒီစာအုပ်ထဲမှာ ဖော်ပြထားပါတယ်။ ကိုယ်က အဖွဲ့အစည်းတစ်ခုခုမှာ၊ လုပ်ငန်းခွင်မှာ၊ အိမ်မှာပဲ၊ ဘယ်နေရာမှာပဲဖြစ်ဖြစ် ဦးဆောင်ရတဲ့ နေရာမှာ နေနေရတယ်ဆိုရင် အလုပ်တွင်ဖို့အတွက် ကိုယ့်ရဲ့အဖွဲ့၊ ကိုယ့်ရဲ့လူတွေရဲ့ ထင်မြင်ယူဆချက်တွေ၊ ထောက်ပြပေးတာတွေ၊ အဆင်မပြေတာတွေကို အချိန်ပေးပြီး နားထောင်ပေးရပါမယ်။ ဒါ့အပြင် ကိုယ်မမြင်နိုင်တဲ့အရာတွေကို အခြားသူတွေက မြင်နိုင်ပြီး ပိုသင့်လျော်တဲ့ အကြံဉာဏ်တွေ ရှိနိုင်တယ်ဆိုတာကို မမေ့ပါနဲ့ဗျာ။ ⭐
ဒါကတော့ စာရေးဆရာ 𝐎𝐬𝐜𝐚𝐫 𝐓𝐫𝐢𝐦𝐛𝐨𝐥𝐢 ရေးသားခဲ့တဲ့ 𝐇𝐨𝐰 𝐭𝐨 𝐋𝐢𝐬𝐭𝐞𝐧 ဆိုတဲ့စာအုပ်ထဲက အဓိကထားပြီး သိမှတ်ထားသင့်တဲ့ အကြောင်းအရာလေးတွေကို ဖော်ပြပေးခဲ့တာပဲဖြစ်ပါတယ်။ ဒီစာအုပ်လေးဟာ တစ်ကယ်ကို အချိန်ပေးပြီး ဖတ်သင့်တဲ့ စာအုပ်လေးတစ်အုပ်ဖြစ်တာကြောင့် စာဖတ်သူအားလုံးကို ဖတ်ကြည့်ဖို့ အကြံပေးပါတယ်နော်။ 🥰❣️
Disclaimer: 12min Notes Myanmar share reviews and recommendations of international best-selling books for Burmese people for educational purpose only. We do not own the trademarks or copyrights of the books or the authors mentioned on our page. All rights belong to the rightful owners. No copyright or intellectual property infringement is intended.
Author : 12min Notes Myanmar