12min Notes Myanmar
Don’t Believe Everything You Think - Joseph Nguyen
Don’t Believe Everything You Think - Joseph Nguyen
📖 “𝐃𝐨𝐧'𝐭 𝐁𝐞𝐥𝐢𝐞𝐯𝐞 𝐄𝐯𝐞𝐫𝐲𝐭𝐡𝐢𝐧𝐠 𝐘𝐨𝐮 𝐓𝐡𝐢𝐧𝐤” 📖
“Don’t Believe Everything You Think” ဆိုတဲ့စာအုပ်လေးကို စိတ်ကျန်းမာရေးကျွမ်းကျင်ပညာရှင် တစ်ဦးဖြစ်တဲ့ Joseph Nguyen က ရေးသားခဲ့တာပဲဖြစ်ပါတယ်။ ဒီစာအုပ်ဟာ မကောင်းတဲ့ အတွေးအခေါ်တွေထဲမှာပဲ ပိတ်မိနေရာကနေ လွတ်မြောက်ပြီး ပိုမိုပြည့်စုံတဲ့ ဘဝတစ်ခုရဖို့အတွက် ကူညီလမ်းညွှန်ပေးမဲ့ စာအုပ်ကောင်းတစ်အုပ်ပဲ ဖြစ်ပါတယ်။ Joseph Nguyen ရေးသားခဲ့တဲ့ စာအုပ်တွေဟာ အရောင်းရဆုံးစာအုပ်များစာရင်းထဲမှာ မကြာခဏပါလေ့ရှိပြီး ဒီစာအုပ်ဟာဆိုရင်လည်း ဘာသာစကားပေါင်း ၃၀ကျော်အထိ ပြန်ဆိုထားခံရတဲ့ စာအုပ်တစ်အုပ်ပဲ ဖြစ်ပါတယ်။
ဒီ “Don’t Believe Everything You Think” စာအုပ်ထဲမှာ Joseph Nguyen က စိုးရိမ်စိတ်တွေ၊ စိတ်ဓာတ်ကျတာတွေနဲ့ အခြား စိတ်ကျန်းမာရေးပြဿနာတွေဆီကို ဦးတည်သွားစေနိုင်တဲ့ အတွေးအခေါ်တွေကို ကွဲကွဲပြားပြားသိရှိပြီး အဲဒီအတွေးအခေါ်တွေကို ဆက်မတွေးမိတော့ဘဲ ကျန်းမာတဲ့အတွေးအခေါ်တွေကို ပြုစုပျိုးထောင်နိုင်ကာ မိမိကိုယ်ကို ပိုမိုသိရှိနားလည်သွားဖို့အတွက် ရေးသားထားပါတယ်။
ဒီနေ့မှာတော့ ဒီစာအုပ်ထဲက ရနိုင်မဲ့ သင်ခန်းစာအချို့ကို ပြောပြပေးချင်ပါတယ်။ 🔅
📌 နာကျင်မှုကရှောင်လွှဲလို့မရပေမဲ့ ဆက်လက်ခံစားနေတာကတော့ ရွေးချယ်မှုပါ။
ကျွန်တော်တို့ရဲ့ဘဝမှာ ကြုံလာရမဲ့ အဆင်မပြေမှုတွေနဲ့ အခက်အခဲတွေဟာ တားဆီးလို့မရပါဘူး။ ဒါပေမဲ့ အဲဒီအရာတွေပေါ်မှာ ကိုယ်ရဲ့တုံ့ပြန်မှုနဲ့ ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းကတော့ ထိန်းသိမ်းလို့ရပါတယ်။ အဲဒီအတွက် မလိုတဲ့အရာ၊ စိတ်အနှောင့်အယှက်ဖြစ်စေတဲ့အရာတွေကို ရင်ဆိုင်ပြီးသွားတဲ့အခါ ထပ်ခါတလဲလဲ ပြန်မတွေးနေဖို့ ကိုယ့်ဟာကိုယ် ဆင်ခြင်ဖို့လိုပါတယ်လို့ ပြောဆိုထားပါတယ်။
အဲဒါကို Nguyen က အခုလိုဆက်လက်ရှင်းပြထားပါတယ်။
ကျွန်တော်တို့ဘဝမှာ မကောင်းတဲ့အဖြစ်အပျက်တွေနဲ့ကြုံလာရပြီဆိုရင် မျှားနှစ်ချောင်း လာစိုက်သလိုပါပဲလို့ ဗုဒ္ဓဘာသာတွေက ယူဆပါတယ်။ မျှားတစ်ချောင်းကတော့ အဲဒီမကောင်းတဲ့အဖြစ်အပျက်ပဲဖြစ်ပြီး ဒုတိယမျှားတစ်ချောင်းကတော့ ပထမမျှားကြောင့်ဖြစ်လာမဲ့ ကိုယ့်ရဲ့တုံ့ပြန်မှုနဲ့ ခံစားချက်ပဲဖြစ်ပါတယ်။ ဘုရားရှင်က ပထမမျှားဟာ ဘယ်သူမှ ဘယ်လိုမှ ရှောင်လွှဲလို့မရတဲ့အဖြစ်၊ ဒုတိယမျှားကတော့ ကိုယ့်အပေါ်မှာမူတည်ပါတယ်လို့ ဟောပြောထားပါတယ်။
📌 ကိုယ့်ကိုယ်ကိုယ် မလိုအပ်ဘဲ အပြစ်တင်ဖို့မလိုပါဘူး။
အပြောင်းအလဲတစ်ခုဆိုတာ ချက်ချင်းဖြစ်မလာနိုင်ပါဘူး။ ကျွန်တော်တို့က နေ့တစ်နေ့မှာ မကောင်းတဲ့အဖြစ်အပျက်တစ်ခုကို ပြန်တွေးမိတာ၊ ဒီလိုပြန်တွေးပြီး တစ်ခါပြန်စိတ်ဆင်းရဲနေတာတွေဟာ သာမန်ပါပဲ။ လူ့သဘောသဘာဝအရ ခံစားချက်တွေရှိနေတာဟာ ပုံမှန်ပါပဲ။ ကြုံခဲ့တဲ့မကောင်းတဲ့ အမှတ်တရတွေကနေ တစ်စက္ကန့်အတွင်း ခုန်ထွက်လာနိုင်တဲ့သူဆိုတာမရှိပါဘူး။ အဲဒါကြောင့် ငါဘာလို့ဒါတွေတွေးမိနေတာလဲဆိုပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်စရာမလိုပါဘူး။
📌အတွေးအခေါ်အဟောင်းတွေနဲ့ပဲ ပြည့်နှက်နေတဲ့စိတ်ဟာ ကောင်းမွန်တဲ့ အတွေးအခေါ်အသစ်တွေအတွက် နေရာမပေးနိုင်ပါဘူး။
အကျယ်ချဲ့ပြီးပြောရမယ်ဆိုရင် ကျွန်တော်တို့ရဲ့စိတ်က အမြဲလိုလိုရှုပ်ထွေးနေတယ်၊ အရာရာကို မကောင်းတဲ့အမြင်နဲ့ပဲ တွေးမိနေမယ်ဆိုရင် ကောင်းမွန်တဲ့စိတ်ခံစားချက်အသစ်တွေအတွက် နေရာမရှိတော့ပါဘူး။ အဲ့ဒါကြောင့် ကိုယ့်ဘဝအတွက် အရေးမပါတဲ့၊ လွှတ်ချသင့်တဲ့ ခံစားချက်တွေကို လွှတ်ချခဲ့ပြီး စိတ်ရှင်းရှင်းနဲ့ ရှေ့ဆက်သွားဖို့လိုပါတယ်။
📌 ကိုယ်တွေးနေတဲ့အဖြစ်အပျက်တွေကြောင့် စိတ်ဆင်းရဲနေရတာမဟုတ်ပါဘူး၊ တွေးနေလို့ စိတ်ဆင်းရဲနေကြတာပါ။
တကယ်တမ်းကြတော့ ကိုယ့်ကိုဝမ်းနည်းစေမဲ့၊ ဒေါသထွက်စေမဲ့ အဖြစ်အပျက်တွေက ပြီးသွားခဲ့ပါပြီ။ ဒါကိုခဏခဏပြန်ပြန်တွေးနေပြီး ခဏခဏပြန်ခံစားနေတာက ကိုယ့်ကိုယ်ကိုယ် နှိပ်စက်နေတာပါပဲ။
နောက်တစ်ခါ ကိုယ့်ရဲ့အတွေးတွေကြောင့် စိတ်ဆင်းရဲနေတာမျိုး ဖြစ်လာခဲ့မယ်ဆိုရင် လက်တွေ့က အတွေးတွေထက် ဘယ်တော့မှပိုမဆိုးနိုင်ဘူးဆိုတာကို ပြန်သတိရလိုက်ပါ။
📌 မသိသေးတဲ့အရာတွေနဲ့ ပျော်ရွှင်အောင်နေမလား၊ သိပြီးသားအရာတွေမှာ စိတ်ဆင်းရဲမလားဆိုတာရွေးချယ်ပါ။
ကျွန်တော်တို့ဘဝမှာ မသိသေးတဲ့အရာတွေတွေ၊ မကြုံဖူးသေးတဲ့ အသစ်အသစ်သော အတွေ့အကြုံတွေမှာ ရင်းနှီးပျော်ရွှင်အောင်လုပ်မလား၊ ဖြစ်ခဲ့ပြီးသား မကောင်းတဲ့အတိတ်တွေကိုပဲ ပြန်ပြန်တွေးပြီး စိတ်ဆင်းရဲနေမလားဆိုတာ စဉ်းစားဖို့လိုပါတယ်။
ဒီနေ့ ပြောပြပေးသွားတဲ့ “Don’t Believe Everything You Think” ဆိုတဲ့စာအုပ်ကောင်းလေးတစ်အုပ်က သင်ခန်းစာတွေဟာ အားလုံးအတွက် အထောက်အကူပြုမယ်လို့ထင်ပါတယ်။
စိတ်ကျန်းမာရေးအတွက် အထောက်အကူပြုမဲ့ စာအုပ်လေးတွေသိရင်လည်း ပြန်လည်ဝေမျှပေးသွားကြပါဦးနော်။
#books #bookreviews
#12minNotes
Disclaimer: 12min Notes Myanmar share reviews and recommendations of international best-selling books for Burmese people for educational purpose only. We do not own the trademarks or copyrights of the books or the authors mentioned on our page. All rights belong to the rightful owners. No copyright or intellectual property infringement is intended.
Author : 12min Notes Myanmar