Introduction to Cognitive Biases
သင့်ဦးနှောက်က သင့်ကို ဘယ်လိုလှည့်စားနေသလဲ?
(ဒါကိုသိရင် ပိုကောင်းတဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်မယ်။)
ကိုယ်က အမြဲတမ်း ကျိုးကြောင်းဆီလျော်စွာ စဉ်းစားပြီးမှ ဆုံးဖြတ်ချက်ချတယ်လို့ ထင်နေလား?
ဒါပေမဲ့ တကယ်တမ်းကျတော့... လုပ်ငန်းမှာ၊ ပေါင်းသင်းဆက်ဆံရေးမှာ၊ ဒါမှမဟုတ် ပိုက်ဆံသုံးတဲ့နေရာမှာ... "ငါ ဒါကြီး ဘာလို့လုပ်လိုက်မိမှန်း မသိဘူး" ဆိုပြီး နောက်မှ နောင်တရတာမျိုးတွေ မရှိဘူးလား?
ဒါဟာ ကျွန်တော်တို့ 'မတော်လို့'၊ 'မစဉ်းစားတတ်လို့' မဟုတ်ပါဘူး။
ကျွန်တော်တို့အားလုံးရဲ့ ဦးနှောက်ထဲမှာ 'အလိုလို' ဖြစ်နေတဲ့ စနစ်တကျ မှားယွင်းတဲ့ စဉ်းစားပုံ (Systematic Error) တစ်ခုကြောင့်ပါ။
ဒီအမှားတွေက ကျွန်တော်တို့ကို လူမှားခန့်မိစေတယ်၊ အရာရာကို ကိုယ့်ဘက်ကပဲ မှန်တယ်လို့ ထင်စေတယ်၊ ရင်းနှီးမြှုပ်နှံမှုတွေ မှားယောင်စေပါတယ်။
ဒါကို စိတ်ပညာရှင်တွေက Cognitive Bias (သိမြင်မှုဆိုင်ရာ ဘက်လိုက်မှု) လို့ခေါ်ပါတယ်။
ကဲ... ဒါဆို ဒီ Cognitive Bias ဆိုတာ ဘာလဲ၊ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝနဲ့ အလုပ်အပေါ် ဘယ်လိုသက်ရောက်နေလဲ၊ သူ့ကို ဘယ်လို သတိထားပြီး ကျော်လွှားမလဲဆိုတာ လွယ်လွယ်ကူကူ ရှင်းပြပေးပါမယ်။
▂▂▂▂▂▂▂▂▂▂▂▂▂▂
Cognitive Bias ဆိုတာ ဘာလဲ?
ရှင်းရှင်းလေး ပြောရရင် Cognitive Bias ဆိုတာ "ဦးနှောက်ရဲ့ ဖြတ်လမ်းနည်း" (Mental Shortcut) တွေကနေ ဖြစ်လာတဲ့ ဘေးထွက်ဆိုးကျိုးပါ။
ကျွန်တော်တို့ ဦးနှောက်ဟာ တစ်စက္ကန့်ကို သတင်းအချက်အလက်ပေါင်း သန်းနဲ့ချီပြီး လက်ခံနေရပါတယ်။
အဲ့ဒီအချက်အလက်တိုင်းကို တစ်ခုချင်း သေချာထိုင်သုံးသပ်နေရင် ဘာမှ လုပ်ဖြစ်တော့မှာ မဟုတ်ဘူး။
ဒါကြောင့် ဦးနှောက်က အလုပ်တွေ အများကြီး မလုပ်ရအောင် "ဖြတ်လမ်းနည်း" တွေ (ပညာရပ်အရတော့ Heuristics လို့ခေါ်တယ်) ကို သုံးပါတယ်။
ဒီဖြတ်လမ်းတွေက အများစု အဆင်ပြေပေမယ့်၊ တစ်ခါတစ်လေမှာ စနစ်တကျ မှားယွင်းတဲ့ ဆုံးဖြတ်ချက်တွေ (Systematic Errors) ဖြစ်သွားစေတယ်။
ဒါက ဘယ်လိုနဲ့တူလဲဆိုတော့...
ရန်ကုန်မှာ လမ်းသိပ်မကျွမ်းဘဲ Google Maps မကြည့်ဘဲ 'ဒီလမ်းကတော့ ရောက်မှာပါ' ဆိုပြီး ဖြတ်လမ်းကနေ ခန့်မှန်းမောင်းတာနဲ့ တူတယ်။ တစ်ခါတစ်လေ မှန်တယ်၊ တစ်ခါတစ်လေ လမ်းမှားပြီး အချိန်ပိုကုန်သွားရော။ Cognitive Bias ဆိုတာ အဲ့ဒီလို 'ခန့်မှန်းပြီး' မောင်းရင်း လမ်းမှားသွားတာမျိုးပါ။
ဒါက "လူမျိုးရေး ခွဲခြားတာ" (Prejudice) တို့၊ "မသိစိတ်ထဲက ဘက်လိုက်မှု" (Hidden Bias) တို့နဲ့ နည်းနည်းလေး ကွာပါတယ်။
Cognitive Bias က 'သတင်းအချက်အလက်ကို ဦးနှောက်က Process လုပ်တဲ့' (Information Processing) အဆင့်မှာတင် မှားသွားတာကို ဆိုလိုတာပါ။
အဖြစ်အများဆုံး Cognitive Biases တွေ
သုတေသနတွေအရ Cognitive Biases အမျိုးအစားပေါင်း ၁၅၀ ကျော်ရှိပါတယ်။
အကုန်လုံး မှတ်ထားဖို့ မလိုပါဘူး။
လုပ်ငန်းခွင်နဲ့ နေ့စဉ်ဘဝမှာ အတွေ့ရအများဆုံး၊ သတိထားရမယ့် အဓိက Biases တချို့ကိုပဲ ကြည့်ရအောင်။
၁။ Confirmation Bias (ကိုယ့်အထင်ကို အတည်ပြုလိုမှု)
ဒါကတော့ လူအဖြစ်အများဆုံးပါပဲ။
ဆိုလိုတာက ကိုယ်ယုံကြည်ပြီးသား အရာကိုပဲ ထောက်ခံတဲ့ အချက်အလက်တွေကို လိုက်ရှာပြီး၊ ကိုယ့်ယုံကြည်ချက်နဲ့ ဆန့်ကျင်တာတွေကို လျစ်လျူရှုတာပါ။
ဥပမာ ကိုယ်က Facebook ပေါ်မှာ ကိုယ်သုံးနေတဲ့ Brand တစ်ခုကို ကောင်းတယ်လို့ ယုံထားရင်၊ အဲ့ဒီ Brand ကောင်းကြောင်းရေးတဲ့ Post တွေကိုပဲ Like လုပ်မယ်၊ Share မယ်။ အဲ့ဒီ Brand ကို ဝေဖန်တဲ့ Post တွေတွေ့ရင် 'ဒါတွေ အလိမ်အညာတွေ'၊ 'မနာလိုလို့ ပြောတာ' ဆိုပြီး ကျော်သွားတာမျိုးပါ။
၂။ Anchoring Bias (ကျောက်ဆူးချသလို စွဲမြဲမှု)
ကျွန်တော်တို့ဟာ ဆုံးဖြတ်ချက်ချတဲ့အခါ ပထမဆုံးရလိုက်တဲ့ သတင်းအချက်အလက် (The Anchor) အပေါ်မှာ အလွန်အကျွံ မှီခိုသွားတာပါ။
ဥပမာ ဈေးဝယ်တဲ့အခါ တွေ့ရများပါတယ်။ ဆိုင်တစ်ဆိုင်မှာ 'မူလဈေး ၅၀၀၀၀၊ ယခု လျှော့ဈေး ၃၀၀၀၀' ဆိုတာတွေ့ရင်၊ ကျွန်တော်တို့ဦးနှောက်က ၅၀၀၀၀ ဆိုတဲ့ 'ကျောက်ဆူး' (Anchor) ကို သွားကိုင်လိုက်တယ်။ ပြီးတော့ ၃၀၀၀၀ ကို 'အရမ်းတန်တယ်' လို့ ထင်သွားရော။ တကယ်တော့ အဲ့ဒီပစ္စည်းရဲ့ တန်ဖိုးအရင်းက ၂၀၀၀၀ ပဲ ရှိချင်ရှိမှာပါ။ ပထမဆုံးမြင်လိုက်ရတဲ့ ဈေးအမြင့်ကြီးက ကျွန်တော်တို့ရဲ့ တန်ဖိုးဖြတ်မှုကို လွှမ်းမိုးသွားတာပါ။
၃။ Availability Heuristic (လက်လှမ်းမီရာကိုပဲ ကိုးကားမှု)
ဒါကတော့ ကိုယ့်စိတ်ထဲမှာ အလွယ်တကူ ပေါ်လာတဲ့၊ ဒါမှမဟုတ် မကြာသေးခင်က ကြားထားတဲ့ အချက်အလက်ကို ပိုပြီး အရေးကြီးတယ်၊ ပိုပြီး အဖြစ်များတယ်လို့ ထင်ယောင်ထင်မှား ဖြစ်တာပါ။
ဥပမာ ကိုယ့်သူငယ်ချင်းတစ်ယောက် Online ကနေ ပစ္စည်းမှာလိုက်တာ လိမ်ခံလိုက်ရတယ်ဆိုတဲ့ သတင်းကြားထားရင်၊ 'Online Shopping က လုံးဝ မလုံခြုံဘူး၊ အလိမ်ခံရဖို့များတယ်' လို့ ကိုယ်တိုင်က ကောက်ချက်ချလိုက်တာမျိုးပါ။ တကယ်တော့ သိန်းပေါင်းများစွာသော အောင်မြင်တဲ့ အရောင်းအဝယ်တွေကြားက အဖြစ်ဆိုးတစ်ခုတည်းကိုပဲ ကိုယ်က စွဲသွားတာပါ။ (လေယာဉ်ပျက်ကျတဲ့သတင်း တစ်ခါကြားလိုက်ရရင် လေယာဉ်စီးရမှာကို အရင်ကထက် ပိုကြောက်သွားတာမျိုးပေါ့)။
၄။ Self-Serving Bias (ကိုယ့်မျက်နှာသာပေးမှု)
ဒါကတော့ ရှင်းရှင်းလေးပါ။ အောင်မြင်ရင် 'ငါတော်လို့'၊ ရှုံးနိမ့်ရင် 'သူများကြောင့်' ဒါမှမဟုတ် 'ကံမကောင်းလို့' ဆိုပြီး အကြောင်းပြတာပါ။
ဥပမာ Team Project တစ်ခု အောင်မြင်သွားရင် 'ဒါ ငါ့ Idea ကြောင့်' လို့တွေးပြီး၊ Project ကမအောင်မြင်ရင် 'Team က လူတွေက သိပ်ညံ့တာ' ဒါမှမဟုတ် 'Deadline က နည်းလွန်းလို့' ဆိုပြီး အပြင်ဘက်ကို လက်ညှိုးထိုးတာမျိုးပါ။ ဒါက ကိုယ့်ရဲ့ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားမှု (Self-Esteem) ကို ကာကွယ်တဲ့ ပုံစံတစ်မျိုးပါပဲ၊ ဒါပေမဲ့ ကိုယ့်အမှားကိုယ် မမြင်နိုင်တော့တာမျိုး ဖြစ်သွားစေနိုင်တယ်။
ဒီ Bias တွေကို ဘယ်လို သတိထား ကျော်လွှားမလဲ?
Cognitive Bias ကို လုံးဝ ပပျောက်သွားအောင် လုပ်လို့မရပါဘူး။ ဒါက လူ့သဘာဝပါ။ ဒါပေမဲ့၊ ဒါတွေရှိမှန်း သိပြီး သတိထားလိုက်ရင်၊ ဆုံးဖြတ်ချက်အမှားတွေ အများကြီး ချနိုင်ပါတယ်။
၁။ "ငါလည်း မှားနိုင်တယ်" ဆိုတာ လက်ခံပါ
ပထမဆုံးနဲ့ အရေးကြီးဆုံးက "ငါလည်း Bias ရှိတယ်၊ ငါလည်း မှားနိုင်တယ်" ဆိုတာကို လက်ခံဖို့ပါ။ ကိုယ့်ကိုယ်ကိုယ် 'အမြဲမှန်တယ်'၊ 'ငါကတော့ Logic အပြည့်ပဲ' လို့ ထင်နေသရွေ့ ဒီ Bias တွေက ကိုယ့်ကို ဆက်ပြီး လှည့်စားနေဦးမှာပါ။
၂။ အမြင်မတူသူတွေကို တမင် ရှာဖွေနားထောင်ပါ
ဒါက Confirmation Bias ကို တိုက်ဖျက်ဖို့ အကောင်းဆုံးနည်းလမ်းပါ။ ကိုယ့် Idea ကို ကန့်ကွက်မယ့်သူ၊ ကိုယ်နဲ့ အမြင်မတူသူတွေရဲ့ စကားကို တမင်သက်သက် နားထောင်ကြည့်ပါ။
၃။ ဆုံးဖြတ်ချက်မချခင် "ခဏရပ်ပါ"
ဦးနှောက်က ဖြတ်လမ်းသုံးတာ အရမ်းမြန်လို့ပါ။ ဒါကြောင့် အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ (ဥပမာ - ဝန်ထမ်းခန့်တာ၊ ပိုက်ဆံအများကြီး ရင်းနှီးမြှုပ်နှံတာ) လုပ်တော့မယ်ဆိုရင် 'ချက်ချင်း' မလုပ်ပါနဲ့။ အနည်းဆုံး တစ်နာရီ၊ ဒါမှမဟုတ် တစ်ရက်လောက် အချိန်ယူပါ။
ပြီးမှ ကိုယ့်ကိုယ်ကိုယ် ပြန်မေးပါ။ 'ငါ အခု ပထမဆုံးကြားလိုက်ရတဲ့ အချက် (Anchor) ပေါ်မှာပဲ မူတည်ပြီး ဆုံးဖြတ်နေတာလား'၊ 'ငါ ဒီလူကို သဘောကျနေတာ Confirmation Bias ကြောင့်လား' ဆိုပြီး ပြန်သုံးသပ်ပါ။
၄။ စဉ်းစားပုံ ပျော့ပျောင်းပါ (Cognitive Flexibility)
လောကကြီးမှာ 'အဖြူ' နဲ့ 'အမည်း' ပဲ မတွေးပါနဲ့။ 'မီးခိုးရောင်' နေရာတွေ အများကြီးရှိတယ်ဆိုတာ နားလည်ပါ။ "ဒီနည်းလမ်းမှ မဟုတ်ရင် မှားပြီ" လို့ မတွေးဘဲ "တခြား ဘယ်လို ဖြစ်နိုင်ခြေတွေ ရှိသေးလဲ" ဆိုတာကို အမြဲတမ်း တွေးပါ။
Author : 12min Notes Myanmar