12min Notes Myanmar

The power of vulnerability - Brené Brown

img

The power of vulnerability - Brené Brown

“Vulnerability” - ထိရှလွယ်ခြင်း၊ အထိခိုက်မခံခြင်းဆိုတဲ့ စကားလုံးလေးကို ကြားဖူးပါသလား?


တိတိကျကျ အဓိပ္ပာယ်ဖွင့်ရမယ်ဆိုရင်တော့ ကိုယ်တိုင်က ထုတ်ဖော်မပြောချင်တဲ့အရာတွေ၊ ကိုယ့်ရဲ့အားနည်းချက် (ပျော့ကွက်) လို့ ခံယူထားတဲ့အရာတွေ၊ ကိုယ်သိမ်ငယ်စိတ်ဝင်တတ်တဲ့အရာတွေကို “Vulnerability” လို့ ခေါ်ပါတယ်။


ကျနော်တို့ တော်တော်များများက ကိုယ့်ရဲ့အားနည်းချက်တွေ၊ ကိုယ်သိမ်ငယ်စိတ်ဝင်တတ်တဲ့ အရာတွေကို အခြားသူကို ထုတ်ပြောပြရမှာ ရှက်တဲ့စိတ်၊ ကြောက်တဲ့စိတ်တွေ ရှိကြပါတယ်။


တကယ်ဆိုရင် ဒီလို အားနည်းချက်ရှိခြင်းက ကိုယ့်ရဲ့ဆက်ဆံရေးတွေကို ပိုပြီးလေးနက်စေနိုင်တဲ့ အားသာချက်တစ်ခု ဖြစ်ပါတယ်။


ဘာလို့လဲဆိုရင် ကိုယ့်ရဲ့အားနည်းချက်လို့ခံယူထားပြီး သိမ်ငယ်တတ်တဲ့အရာတွေကို အခြားသူတစ်ယောက်ကို ထုတ်ပြောပြလိုက်ခြင်းက ကိုယ်နဲ့သူကြားမှာရှိတဲ့ ဆက်ဆံရေးကို ပိုပြီးတည်မြဲလေးနက်တဲ့ ဆက်ဆံရေးတစ်ခု ဖြစ်လာစေလို့ ဖြစ်ပါတယ်။


♦ ဒီနေရာမှာ မေးခွန်းတစ်ခု မေးကြည့်ချင်ပါတယ်။


“သင်က ဘယ်လိုလူတွေနဲ့ဆိုရင် လွတ်လွတ်လပ်လပ်နေတတ်လဲ?”


🙆🏻 ကျနော်ဆိုရင်တော့ အိမ်ကမိသားစုနဲ့လို့ ဖြေရပါလိမ့်မယ်။


♦ တစ်ယောက်နဲ့တစ်ယောက် အဖြေကတော့ မတူနိုင်ပါဘူး။ ဒါပေမယ့် ကျနော်တို့အားလုံး ဒိအဖြေကိုဖြေလိုက်တဲ့အချိန်မှာ တူညီတဲ့အချက်တစ်ချက်တော့ ကျိန်းသေပေါက် ရှိပါတယ်။


❤️️ ဘယ်အချက်လဲဆိုရင်တော့ အခုစာဖတ်သူအားလုံး ဖြေလိုက်တဲ့သူတွေဟာ “ကိုယ့်ရဲ့အားနည်းချက်တွေကိုလည်း သိထားတဲ့သူ၊ ကိုယ့်ရဲ့ တကယ့်ပုံစံအမှန်ကိုလည်း သိထားပြီးသားသူ၊ သူ့ရှေ့မှာတော့ ဟန်ဆောင်ပြီး နေနေစရာမလိုဘူးဆိုတဲ့သူ” ဆိုပြီး သတ်မှတ်ထားတဲ့သူ ဖြစ်ပါလိမ့်မယ်။


❤️️ ဒါက ကိုယ့်မှာရှိတဲ့အားနည်းချက်နဲ့ ကိုယ်သိမ်ငယ်တတ်တဲ့အရာတွေကို ကိုယ်တိုင်လက်ခံပြီး ထုတ်ပြလိုက်တဲ့အခါမှာ ရရှိလာတဲ့ စစ်မှန်တဲ့ဆက်ဆံရေးတစ်ခု ဖြစ်ပါတယ်။


♦ ဆန့်ကျင်ဘက်အနေနဲ့ ကိုယ့်အားနည်းချက်တွေကို မသိတဲ့သူရှေ့မှာဆိုရင် “ငါ့ကိုဘယ်လိုများထင်သွားမလဲ၊ ငါ့ပုံစံက စိတ်ပျက်စရာများ ကောင်းနေလား။” စတဲ့ အကြောက်တရားတွေက ကိုယ့်ရဲ့ဆက်ဆံရေးတွေ ပိုပြီးတိုးတက်လာစေမယ့်လမ်းကြောင်းကို တားဆီးနေတတ်ပါတယ်။


ဒါကိုတော့ စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုတွေကနေတစ်ဆင့် ရရှိလာတဲ့ ရှက်ရွံ့မှု အကြောက်တရားလို့ အဓိပ္ပာယ်ဖွင့်လို့ရပါတယ်။


🫶🏻 တကယ်ဆိုရင် ကိုယ့်မှာရှိတဲ့ အားနည်းချက်တွေက ရှက်စရာလည်းမဟုတ်သလို၊ ကြောက်စရာလည်းမဟုတ်ပါဘူး။ ဒါတွေက ကိုယ့်ရဲ့ စစ်မှန်တဲ့ ဖြစ်တည်မှုတစ်ခုသာ ဖြစ်ပါတယ်။


အခုဒီကမ္ဘာပေါ်မှာ အရာအားလုံးပြည့်စုံနေတဲ့လူရယ်လို့ မရှိပါဘူး။ လူတိုင်းလူတိုင်းမှာ ချို့ယွင်းချက်၊ အားနည်းချက်နဲ့ ထုတ်မပြောပြချင်ကြတဲ့အပိုင်းတွေ ကိုယ်စီ ရှိကြပါတယ်။


ဒါပေမယ့် တချို့သူတွေဆိုရင် ဘာအားနည်းချက်မှမရှိတဲ့ပုံစံ ဖြစ်နေတာ မြင်ဖူးကြမှာပါ။


ဒါကဘာလို့လဲဆိုရင် သူတို့မှာ အားနည်းချက်နဲ့ သိမ်ငယ်တတ်တဲ့စိတ်မရှိတာ မဟုတ်ပါဘူး။ သူတို့ရဲ့ အားနည်းချက်ကို ကိုယ်တိုင်လက်ခံထားပြီး အကုန်လုံးကို ထုတ်ပြရဲတဲ့ သတ္တိရှိတဲ့သူတွေ ဖြစ်တာကြောင့်ပါ။


~~~~~~~~~~


ဒါဆိုရင် ဒီလိုမျိုး အားနည်းချက်ကို ထုတ်ဖော်ပြောရဲတဲ့အထိ သတ္တိရှိတဲ့သူတွေဖြစ်အောင် ဘယ်လိုလုပ်ကြမလဲ?


၁။ ကိုယ့်ရဲ့အားနည်းချက်ကို ကိုယ်တိုင်လက်ခံပါ။


ကိုယ့်မှာရှိနေတဲ့ အားနည်းချက်တွေကို ကြောက်ရွံ့ပြီး ရှက်နေမယ့်အစား ဒီအားနည်းချက်တွေကို ကိုယ်တိုင်က အသိအမှတ်ပြုပေးလိုက်ပါ။ ဒီလိုအသိအမှတ်ပြုလိုက်တာနဲ့ တပြိုင်နက် ဒါတွေက အားသာချက်အဖြစ် ပြောင်းလဲသွားပါလိမ့်မယ်။


၂။ ပြီးပြည့်စုံမှဖြစ်မယ်ဆိုတဲ့စိတ်ကို စွန့်လွှတ်လိုက်ပါ။


လူသားတွေမှာ အကုန်ပြီးပြည့်စုံတယ်ဆိုတာ ရှိနိုင်ပါ့မလား?


စက်ရုပ်တွေမှာတောင် Error ဖြစ်တဲ့အပိုင်းတွေရှိသေးတာ လူသားတွေ အမှားလုပ်မိတာ၊ အားနည်းချက်ရှိတာတွေက ဘာမှအထူးအဆန်းဖြစ်မနေပါဘူး။ ဒါကြောင့် အမှားလုပ်မိလိုက်တာ၊ အားနည်းချက်ရှိတယ်ဆိုတာ သဘာဝတရားတစ်ခုသာဖြစ်ပါတယ်။


၃။ ကိုယ့်ကိုယ်ကိုယ် ကြင်နာပါ။


ကိုယ်အမှားလုပ်မိလိုက်လည်း အဆင်ပြေပါတယ်။ နောက်ထပ် ထပ်မမှားစေဖို့အတွက် သင်ခန်းစာတစ်ခုရသွားတယ်လို့ပဲ တွေးပြီး နေထိုင်လိုက်ပါ။ ကိုယ်က လူသားတစ်ယောက်ပဲဖြစ်တဲ့အတွက် ဒီလိုအမှားလေးတွေကလည်း ကိုယ့်အတွက်အဆင်ပြေတယ်ဆိုတာကို လက်ခံနားလည်ပေးပါ။


၄။ လေးနက်တဲ့ ဆက်ဆံရေးတွေ တည်ဆောက်ပါ။


ကိုယ့်ရဲ့ အားနည်းချက်တွေ အကုန်လုံးကို တခြားသူကို ထုတ်ပြောပြဖို့ သတ္တိမရှိသေးဘူးဆိုရင်တောင် ငယ်ငယ်က ကိုယ်ကြုံတွေ့ခဲ့ရတဲ့ဖြစ်ရပ်သေးသေးလေးတွေကို ကိုယ့်ရဲ့သူငယ်ချင်းကို ပြောပြပေးတာပဲဖြစ်ဖြစ် လုပ်ကြည့်ပါ။


နောက်ထပ်ကိုယ်ယုံကြည်ရတဲ့သူကို ကိုယ်လုပ်ခဲ့ဖူးတဲ့ အမှားလေးတွေအကြောင်းကို မျှဝေပြောဆိုတာလည်း လုပ်ကြည့်ပါ။ ဒါဆိုရင် အရင်ထက်ပိုပြီး လေးနက်တဲ့ဆက်ဆံရေးတွေ ရရှိလာမှာ ဖြစ်ပါတယ်။


၅။ လက်ရှိအချိန်မှာပဲ နေထိုင်ပါ။


ကိုယ့်ရဲ့ လက်ရှိအချိန်ဟာ အဖိုးတန်ဆုံးအချိန်ဖြစ်တယ်ဆိုတာ မမေ့ပါနဲ့။


အနာဂတ်ကို ကြိုတွေးပြီး စိုးရိမ်ပူပန်နေတာတွေ၊ အတိတ်ကိုပဲ ပြန်တမ်းတပြီး ပူလောင်နေရတာတွေက လက်တွေ့မဆန်ပါဘူး။


ဒါကြောင့် လက်ရှိအချိန်မှာ “Vulnerability” ကို အသုံးချပြီး အကျိုးရှိရှိနေထိုင်လိုက်ပါ။


~~~~~~~~~~~


အခုပြောပြပေးသွားတာကတော့ သုတေသနပညာရှင်တစ်ဦးဖြစ်တဲ့ Brené Brown ရဲ့  "The Power of Vulnerability” ဆိုတဲ့ TED Talk ထဲမှ ကောက်နုတ်ပြောပြသွားတာ ဖြစ်ပါတယ်။


ဒီ TED Talk ဟာဆိုရင် အကောင်းဆုံး TED Talk အဖြစ် ကြည့်ရှုသူတွေ သတ်မှတ်ထားကြတဲ့အထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ဒါကြောင့် ဒီအပတ်မှာ ကြည့်ရှုသင့်တဲ့ TED Talk တစ်ခုအဖြစ် ရွေးချယ်ပေးလိုက်ပါတယ်ဗျာ။


https://www.ted.com/talks/brene_brown_the_power_of_vulnerability


(ဒီ Link လေးကို နှိပ်ပြီး ကြည့်ရှုလို့ရပါတယ်ခင်ဗျာ။)


❌ 12min Notes Myanmar ၏ မြန်မာဘာသာ TED Talk review များကို Credit ပေး၍ ကူးယူခြင်းကို ခွင့်မပြုပါ။ ❌

Author : 12min Notes Myanmar

Follow Us        

12minNotesMyanmar

Our mission is to distill complex ideas and make them accessible and useful for Myanmar people.⚡️Helping you 10X your knowledge, career & profits!

Email Address : contact@12minnotes.com

This site is not part of the Facebook website or Facebook Inc. Additionally, this site is NOT endorsed by Facebook in any way. FACEBOOK is a trademark of FACEBOOK, Inc.

Copyright © 2022-2023 12min Notes Myanmar. All rights reserved & Powered by Tech Area.