12min Notes Myanmar
Ambiguity Effect
Ambiguity Effect
မသေချာမှာစိုးလို့ အခွင့်အရေးကောင်းတွေ လက်လွှတ်နေမိပြီလား။ (Ambiguity Effect)
ကျွန်တော်တို့အားလုံး ဆုံးဖြတ်ချက်တွေချရတဲ့ အခြေအနေမျိုး ကြုံဖူးကြပါတယ်။
ရွေးချယ်စရာ (Option) နှစ်ခုရှိတယ် ဆိုပါစို့။
Option A: ကိုယ်သိပြီးသား၊ သာမန် (Average) ပဲ။ ဒါပေမဲ့ သေချာတယ်။
Option B: အသစ်၊ အရမ်းကောင်းသွားနိုင်သလို၊ အရမ်းဆိုးသွားတာလည်း ဖြစ်နိုင်တယ်။ သတင်းအချက်အလက် (Info) သိပ်မရှိဘူး။
သင် ဘယ်တစ်ခုကို ရွေးမလဲ?
လူအများစုကတော့ Option A ကိုပဲ ရွေးကြပါတယ်။
"မသေချာ မရေရာတာကြီးကို မစွန့်စားရဲဘူး၊ ဒီလောက်ဆို တော်ပါပြီ" ဆိုပြီး သေချာတဲ့ လမ်းကိုပဲ ရွေးလေ့ရှိကြတယ်။
ဒီလို "မသေချာမှာကြောက်တဲ့စိတ်" (Fear of the unknown) ကြောင့် ပိုကောင်းနိုင်တဲ့ အခွင့်အရေး (Option B) ကို လက်လွှတ်လိုက်ရတဲ့ စိတ်ပိုင်းဆိုင်ရာ အမှားအယွင်းကို Ambiguity Effect လို့ခေါ်ပါတယ်။
ဒါက ဘယ်လိုသဘောလဲဆိုတော့၊ ကျွန်တော်တို့ဦးနှောက်က "မပြည့်စုံတဲ့ သတင်းအချက်အလက်" ကို မကြိုက်ပါဘူး။
"သေချာတဲ့ ရလဒ်" (Probability သိရတဲ့) အရာတွေကိုပဲ အလိုလို ဦးစားပေးတတ်ကြတယ်။
🧠 Ambiguity Effect ဆိုတာ ဘာလဲ?
ရှင်းရှင်းလေးပါ၊ ဒါက "သတင်းအချက်အလက် မပြည့်စုံတဲ့ (ဒါမှမဟုတ်) မသေချာမရေရာတဲ့" ရွေးချယ်မှုတစ်ခုထက်၊ "သေချာပြီး ရလဒ်ကို ခန့်မှန်းနိုင်တဲ့" ရွေးချယ်မှုကို ပိုသဘောကျတဲ့ ကျွန်တော်တို့ရဲ့ စိတ်သဘောထားပါ။
ကျွန်တော်တို့က 'မသိရခြင်း' (Ambiguity) ကို 'ဆိုးခြင်း' (Badness) လို့ မှားယွင်းပြီး သတ်မှတ်လိုက်တာပါ။
ဥပမာတစ်ခုကြည့်ရအောင်။
သင်က Facebook မှာ Online Class တစ်ခုတက်ဖို့ စဉ်းစားနေတယ်။
သင်တန်း (A): Review ပေါင်း ၁၀၀ လောက်ရှိတယ်။ အားလုံးက "သင်တာ သာမန်ပါပဲ" (Average) လို့ ပေးထားတယ်။
သင်တန်း (B): ဆရာက အခုမှ အတန်းစဖွင့်တာ။ Review တစ်ခုမှ မရှိသေးဘူး။
ဒီအခြေအနေမှာ လူအများစုက သင်တန်း (A) ကိုပဲ ရွေးလိုက်ကြတယ်။
ဘာလို့လဲ?
ရလဒ်ကို "သိနေရလို့" ပါ။
သင်တန်း (B) က ကမ္ဘာ့အတော်ဆုံး ဆရာတစ်ယောက် ဖြစ်နေနိုင်သလို၊ သင်တာ အရမ်းညံ့ချင်လည်း ညံ့နေနိုင်တယ်။
အဲ့ဒီ "မသိရခြင်း" ကို မကြိုက်လို့၊ "သေချာပေါက် သာမန်" အဆင့်ကိုပဲ ရွေးချယ်လိုက်တာဟာ Ambiguity Effect ပါပဲ။
🎯 ဒါက သင့်ဘဝနဲ့ လုပ်ငန်းကို ဘယ်လိုထိခိုက်နေလဲ။
ဒီစိတ်အမှားက နေရာတိုင်းမှာ ရှိပါတယ်။
၁။ Brand ရွေးချယ်မှု
လူတွေက ကြော်ငြာများများတွေ့နေရတဲ့ နာမည်ကြီး Brand (ဥပမာ - Premier ကော်ဖီ) ကိုပဲ သောက်လေ့ရှိတယ်။ တခြား Brand အသစ် (Local Brand) က အရသာပိုကောင်း၊ ဈေးပိုသက်သာနိုင်ပေမဲ့ "မသောက်ဖူးတော့ မသေချာဘူး" ဆိုတဲ့စိတ်နဲ့ မစမ်းရဲကြဘူး။
၂။ ငွေကြေး (Finance)
လူအများစုက ဘဏ်မှာပဲ Fixed Deposit (အတိုးနှုန်းသေ) နဲ့ ပိုက်ဆံစုတာကို "သေချာတယ်" ဆိုပြီး ကြိုက်ကြတယ်။ တကယ်တမ်း ပိုအကျိုးအမြတ်များနိုင်တဲ့ တခြား ရင်းနှီးမြှုပ်နှံမှု (Investment) တွေကို "ကိုယ်နားမလည်ဘူး၊ မသေချာဘူး" ဆိုပြီး ရှောင်ကြတယ်။
၃။ လုပ်ငန်းခွင် (Career)
ကိုယ်လုပ်နေကျ အလုပ်က သိပ်အဆင်မပြေပေမဲ့ "ဒီမှာနေတာပဲ သေချာပါတယ်" ဆိုပြီး ဆက်လုပ်နေတာမျိုး၊ အလုပ်သစ်၊ ရာထူးသစ်တစ်ခုက ပိုကောင်းနိုင်မှန်းသိရက်နဲ့ "ဟိုရောက်မှ အဆင်မပြေရင် ဒုက္ခ" ဆိုတဲ့စိတ်နဲ့ မပြောင်းရဲတာမျိုးတွေပါ။
၄။ စီမံခန့်ခွဲမှု (Management)
ကုမ္ပဏီတွေ၊ အဖွဲ့အစည်းတွေက လက်ရှိသုံးနေတဲ့ System က သိပ်မကောင်းမှန်းသိရက်နဲ့၊ "ဒါလေးကမှ နားလည်နေတာ" ဆိုပြီး ဆက်သုံးကြတယ်။ ပိုကောင်းနိုင်တဲ့ System အသစ်ကို "မသုံးဖူးလို့၊ မသေချာလို့" ဆိုပြီး မပြောင်းရဲကြပါဘူး။
💡 Ambiguity Effect နဲ့ Risk Aversion ဘာကွာလဲ?
ဒီနှစ်ခုက ဆင်တူသယောင်နဲ့ လုံးဝမတူပါဘူး။ ဒါကိုခွဲသိဖို့ အရမ်းအရေးကြီးတယ်။
Risk Aversion (စွန့်စားရမှာ ကြောက်ခြင်း)
ဒါက ဖြစ်နိုင်ခြေ (Probability) ကို သိရက်နဲ့ သေချာတာကို ရွေးတာပါ။
Option 1: သေချာပေါက် ၅၀၀၀၀ ရမယ် (100% chance)။
Option 2: ၁၂၀၀၀၀ ရနိုင်သလို (50% chance)၊ ဘာမှမရတာလည်း (50% chance) ဖြစ်နိုင်တယ်။
ဒီနေရာမှာ Option 1 ကိုရွေးရင် ဒါက Risk Aversion ပါ။
သင်က ဖြစ်နိုင်ခြေတွေကို သိတယ်။ ဒါပေမဲ့ 'ရှုံးနိုင်ခြေ' ကို မကြိုက်လို့ သေချာတာကို ရွေးတာ။
Ambiguity Effect (မသေချာတာကို ကြောက်ခြင်း)
ဒါက ဖြစ်နိုင်ခြေ (Probability) ကို မသိလို့ ရှောင်တာပါ။
Option 1: ၁၂၀၀၀၀ ရဖို့ (50% chance) ရှိတယ်။
Option 2: အိတ်တစ်လုံးထဲကနေ နှိုက်ရမယ်။ ၁၂၀၀၀၀ ရနိုင်တယ်။ ဒါပေမဲ့ ဖြစ်နိုင်ခြေ ဘယ်လောက်ရှိမှန်း မသိဘူး။
ဒီနေရာမှာ Option 1 ကိုရွေးရင် ဒါက Ambiguity Effect ပါ။
Option 2 က 90% chance လည်း ဖြစ်နိုင်တာပဲ။ ဒါပေမဲ့ "ဘယ်လောက်မှန်း မသိရခြင်း" ဆိုတဲ့ သတင်းအချက်အလက် မပြည့်စုံမှုကို ကြောက်လို့ Option 1 ကို ရွေးလိုက်တာပါ။
🔬 ဒီ Effect ဘယ်ကစခဲ့သလဲ (The Ellsberg Paradox)
ဒီသဘောတရားကို 1961 မှာ Daniel Ellsberg က စပြီး မိတ်ဆက်ခဲ့ပါတယ်။ သူက စမ်းသပ်မှုတစ်ခု လုပ်ပြခဲ့တယ်။
သင့်ရှေ့မှာ အိုး နှစ်လုံးရှိတယ်။
အိုး (A): ဘောလုံး ၁၀၀ ရှိတယ်။ အနီ ၅၀၊ အမည်း ၅၀။ (ဖြစ်နိုင်ခြေကို သေချာသိတယ်)
အိုး (B): ဘောလုံး ၁၀၀ ရှိတယ်။ အနီ နဲ့ အမည်း ရောထားတယ်။ ဘယ်လောက်စီ ပါလဲ လုံးဝ မသိဘူး။
"အနီရောင်" နှိုက်မိရင် ဆုရမယ်။
သင် ဘယ်အိုးကို ရွေးနှိုက်မလဲ?
လူအများစုက အိုး (A) ကိုပဲ ရွေးကြပါတယ်။
စဉ်းစားကြည့်ရင်၊ အိုး (A) မှာ အနီရဖို့ 50% chance ရှိတယ်။
အိုး (B) မှာလည်း အနီ ၅၀ ပါနိုင်သလို (50% chance)၊ အနီ ၉၀ ပါနေရင် (90% chance) သင် ကံ ပိုတောင်ကောင်းဦးမယ်။ ဒါမှမဟုတ် အနီ ၁၀ လုံး (10% chance) ပဲ ပါတာလည်း ဖြစ်နိုင်တယ်။
ဒါပေမဲ့ လူ့ဦးနှောက်က အဲ့ဒီ "မသိရခြင်း" (Ambiguity) ကို မကြိုက်ပါဘူး။
50% ဆိုတာ သေချာသိရတဲ့ အိုး (A) ကိုပဲ ရွေးတယ်။
Ambiguity Effect ကို ပိုထင်ရှားစေဖို့ သုတေသနပညာရှင်တွေက တူညီတဲ့ အိုးနှစ်ခုကိုပဲသုံးပြီး မေးခွန်းအသစ်ပြောင်းလိုက်ပါတယ်။
"အမဲရောင်" နှိုက်မိရင် ဆုရမယ်။
ဒီအခြေအနေမှာလည်း လူအများစုက အိုး (A) ကိုပဲ ရွေးကြပြန်ပါတယ်။
ဒါကယုတ္တိမရှိတော့ပါဘူး။
ဘာကြောင့်လဲဆိုတော့ ပထမအခြေအနေမှာ အိုး (B) ထဲမှာ အနီရောင်ဘောလုံး ၅၀ ထက် နည်းတယ်လို့ ယူဆတာကြောင့် 50/50 သေချာပေါက်သိရတဲ့ အိုး (A) ကို ရွေးကြတာပါ။
ဒါဆိုရင် တူညီတဲ့အိုးတွေမှာပဲ "အမဲရောင်" နှိုက်မိရင် ဆုရမယ် ဆိုတဲ့ဒုတိယအခြေအနေမှာ အိုး (B) ကို ရွေးသင့်တာပေါ့။
ဒါပေမယ့် မေးခွန်းပြောင်းသွားပေမယ့်လည်း လူအများစုက အိုး (A) ကိုပဲ ရွေးတယ်ဆိုတဲ့ သုတေသနတွေ့ရှိချက်က ကျွန်တော်တို့က 'ရှုံးမှာ' ကြောက်တာထက် 'မသေချာတာ' ကို ပိုကြောက်တယ်ဆိုတာ ပြနေတာပါပဲ။
✅ ဒီစိတ်အမှားကို ဘယ်လို ကျော်လွှားမလဲ။
သတင်းကောင်းကတော့၊ ဒီ Effect ကို သိသွားပြီဆိုတာနဲ့ သူ့ကို ပြန်တိုက်ခိုက်လို့ ရပါတယ်။
၁။ သတင်းအချက်အလက် ပိုရှာပါ။ (Seek More Info)
အရာတစ်ခုက "Ambiguous" (မသေချာ) ဖြစ်နေတာဟာ ကိုယ့်မှာ Information မရှိသေးလို့ပါ။ "ငါ ဒါကို မသိဘူး" ဆိုတာနဲ့ "ဒါ မကောင်းဘူး" ဆိုတာကို တန်းတူ မသတ်မှတ်ပါနဲ့။ အဲ့ဒီ Option B (ဥပမာ - ဆရာအသစ်၊ Brand အသစ်) အကြောင်းကို ၅ မိနစ်လောက် အချိန်ပေးပြီး Google မှာ ရှာကြည့်လိုက်ပါ။
၂။ ဆုံးဖြတ်ချက်ကို ဖြည်းဖြည်းချပါ။ (Slow Down)
ဒီစိတ်အမှားက ဦးနှောက်ရဲ့ အလိုအလျောက် တုံ့ပြန်မှု (Heuristic) ပါ။ ဒါကြောင့် အမြန်ဆုံးဖြတ်ချက်ချလေ၊ ဒီအမှားထဲ ကျရောက်လေပါပဲ။ အရေးကြီးတဲ့ ဆုံးဖြတ်ချက်ဆိုရင် အချိန်ယူပါ။
၃။ အကောင်းဆုံး ဖြစ်နိုင်ခြေကို ထည့်စဉ်းစားပါ။ (Reframe the Upside)
ကျွန်တော်တို့က မသေချာရင် အဆိုးဆုံး (Worst-case) ကိုပဲ မြင်ယောင်လေ့ရှိတယ်။ "ဆရာအသစ်က သင်တာ ညံ့နေရင် ဘယ်လိုလုပ်မလဲ" လို့ပဲ စဉ်းစားတယ်။ "ဆရာအသစ်က အရမ်းတော်နေပြီး ငါ့ဘဝကို ပြောင်းလဲသွားစေရင်ရော" ဆိုတဲ့ အကောင်းဆုံး (Best-case) ကိုလည်း ထည့်စဉ်းစားပါ။
၄။ Pros & Cons (ကောင်းကျိုး-ဆိုးကျိုး) ချရေးပါ။
ဒါက ဦးနှောက်ကို အတင်း အလုပ်လုပ်ခိုင်းတဲ့ နည်းပါ။ Option A နဲ့ B နှစ်ခုလုံးရဲ့ ကောင်းကျိုး၊ ဆိုးကျိုးကို စာရွက်ပေါ်ချရေးလိုက်တဲ့အခါ၊ "မသိခြင်း" ဆိုတဲ့ ခံစားချက်အစား "ကျိုးကြောင်းဆီလျော်မှု" (Logic) က နေရာဝင်ယူလာပြီး ပိုမှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ချနိုင်ပါလိမ့်မယ်။
အဓိက မှတ်သားစရာ (Key Takeaway)
Ambiguity Effect ဆိုတာ "မသေချာ မရေရာတဲ့" အရာတွေထက် "သိပြီးသား သေချာတဲ့" (သာမန်ဖြစ်နေရင်တောင်) အရာတွေကိုပဲ ရွေးချယ်တတ်တဲ့ ကျွန်တော်တို့ရဲ့ စိတ်သဘောထားပါ။
ကျွန်တော်တို့က မကောင်းတဲ့ ရလဒ် (Bad Outcome) ကို ကြောက်တာထက်၊ မသိရတဲ့ ရလဒ် (Unknown Outcome) ကို ပိုကြောက်ပါတယ်။
ဒီစိတ်အမှားကို သိထားခြင်းအားဖြင့်၊ နောက်တစ်ခါ သင်ဆုံးဖြတ်ချက်ချတဲ့အခါ "ငါက မကောင်းမှာစိုးလို့ မရွေးတာလား" ဒါမှမဟုတ် "မသေချာမှာစိုးလို့ (Info မရှိလို့) မရွေးတာလား" ဆိုတာ ကိုယ့်ကိုယ်ကိုယ် ပြန်မေးနိုင်ပါပြီ။
တကယ်လို့ Info မရှိလို့ မရွေးတာဆိုရင်၊ အဖြေက ရှင်းရှင်းလေးပါ။
သတင်းအချက်အလက် ထပ်ရှာလိုက်ပါ။
~ ~ ~ ~ ~ ~ ~ ~ ~ ~
🚨လူအများစုက ကိုယ့်ကိုယ်ကိုယ် အမြဲတမ်း မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေ ချနေတယ်လို့ ထင်နေတတ်ကြပေမယ့် တကယ်တမ်းမှာ အခုလေ့လာခဲ့တဲ့ Cognitive Bias လိုမျိုး ကျွန်တော်တို့ ဦးနှောက်က မသိမသာလှည့်စားနေတဲ့ "Thinking Traps (တွေးခေါ်မှုထောင်ချောက်)" တွေ အများကြီး ရှိပါတယ်။
ဒီထောင်ချောက်တွေကို သတိမပြုမိသ၍၊ ဒါတွေကနေ မရုန်းထွက်နိုင်သရွေ့ အချိန်တွေ၊ ငွေကြေးတွေ မလိုလားအပ်ဘဲ ဆက်ပြီးဆုံးရှုံးနေရဦးမှာပါ။ 💸
ဒီအမှားတွေကို ကာကွယ်ပေးပြီး၊ လူတိုင်းမသိမသာ ကျရောက်နေတတ်တဲ့ ဦးနှောက်ရဲ့ ထောင်ချောက်တွေကို ဖော်ထုတ်ပေးမယ့် "Thinking Traps" (Super Guide eBook) ကို 12min Notes Myanmar (Est. 2019) မှာ ရယူလေ့လာနိုင်ပါပြီ။ 🚀
ဒီ Super Guide ထဲမှာ… လူတွေအများဆုံးမှားတတ်ကြတဲ့ ဆုံးဖြတ်ချက်ထောင်ချောက် (Thinking Traps/Biases) ပေါင်း ၃၀ ခန့်ကို လေ့လာရှောင်ရှားရင်း ထိပ်တန်း Decision Maker တွေ၊ Business Leader တွေလို တွေးခေါ်နိုင်မယ့်နည်းလမ်းတွေကို မြန်မာလို အလွယ်ကူဆုံး အသုံးချနိုင်သွားမှာပါ။
"Thinking Traps" (Super Guide eBook) ကို ရယူအသုံးချလိုပါက −
Messenger: https://m.me/12minNotes မှာ TRAPS လို့ စာပို့လိုက်ပါ။ ✅
(သို့မဟုတ်)
Telegram: https://t.me/My12minNotesBot မှာ TRAPS လို့ စာပို့လိုက်ပါ။ ✅
Contact us easily:
YouTube: https://www.youtube.com/12minNotesMyanmar
Facebook: https://www.facebook.com/12minNotes
Messenger: https://m.me/12minNotes
Telegram: https://t.me/My12minNotesBot
Website: https://12minnotes.com
Author : 12min Notes Myanmar