12min Notes Myanmar

Belief Perseverance

img

Belief Perseverance

ခေါင်းမာခြင်းနဲ့ စိတ်အစွဲတွေ (Belief Perseverance) ရဲ့ နောက်ကွယ်က သိပ္ပံနည်းကျ အကြောင်းတရားများ။

တစ်ခါတစ်လေ Facebook ပေါ်မှာဖြစ်ဖြစ်၊ လက်တွေ့ဘဝမှာပဲဖြစ်ဖြစ် အငြင်းအခုံတစ်ခု ဖြစ်ဖူးကြမှာပါ။ 

ကိုယ်က အချက်အလက် (Data) တွေ၊ သက်သေ (Proof) တွေ၊ သုတေသန (Research) တွေ အတိအကျ ထုတ်ပြနေတာတောင်၊ တစ်ဖက်လူက သူ့အမြင်၊ သူ့ယုံကြည်ချက်အဟောင်းကို လုံးဝလက်မလွှတ်ဘဲ "မဟုတ်ဘူး၊ ငါပဲမှန်တယ်" ဆိုပြီး ခေါင်းမာနေတာမျိုး ကြုံဖူးလား။

ဒါမှမဟုတ်... ကိုယ်တိုင်ရော ဖြစ်ဖူးလား။

ကိုယ်လုပ်နေတဲ့ Business Strategy က အလုပ်မဖြစ်တော့ဘူးဆိုတာ ဝင်ငွေ-ထွက်ငွေ စာရင်းတွေက သက်သေပြနေတာတောင်၊ "ဒီနည်းလမ်းက ငါတို့မိဘလက်ထက်ကတည်းက အောင်မြင်ခဲ့တာ" ဆိုပြီး အပြောင်းအလဲမလုပ်ဘဲ ဆက်ပြီး ဆုပ်ကိုင်ထားမိတာမျိုးပေါ့။

ဒါဟာ "ခေါင်းမာတာ"၊ "အမြင်ကျဉ်းတာ" ထက် ပိုနက်နဲပါတယ်။

ဒါကို စိတ်ပညာမှာ Belief Perseverance (ယုံကြည်ချက်အဟောင်းကို ဆက်လက်ဆုပ်ကိုင်ထားမှု) လို့ခေါ်ပါတယ်။ 

ဒီစိတ်ပိုင်းဆိုင်ရာ ဘက်လိုက်မှု (Cognitive Bias) က ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်ဘဝ၊ အလုပ်ခွင်၊ စီးပွားရေးဆုံးဖြတ်ချက်တွေအထိ အကြီးအကျယ် သက်ရောက်မှုရှိနေပါတယ်။

ဒီနေ့တော့ ဒီ Belief Perseverance ဆိုတာဘာလဲ၊ ဘာကြောင့်ဖြစ်ရတာလဲ၊ ဒါကို ဘယ်လို ကျော်လွှားနိုင်မလဲဆိုတာကို ရှင်းရှင်းလင်းလင်း၊ လူတိုင်းနားလည်လွယ်အောင် ရှင်းပြပေးသွားပါမယ်။


💡 Belief Perseverance ဆိုတာ ဘာလဲ?

ရှင်းရှင်းလေးပါ။

Belief Perseverance ဆိုတာက "လူတစ်ယောက်ဟာ သူ့ရဲ့ မူလယုံကြည်ချက်တစ်ခုကို၊ အဲဒီယုံကြည်ချက်က 'မှားနေပြီ' လို့ ရှင်းရှင်းလင်းလင်း သက်သေပြနေတဲ့ အချက်အလက်သစ်တွေ (Contradictory Evidence) ထွက်လာတာတောင်မှ၊ လက်မလွှတ်ဘဲ ဆက်ပြီး ဆုပ်ကိုင်ထားတဲ့" စိတ်ပိုင်းဆိုင်ရာ သဘောတရားတစ်ခုပါ။

ဒါကို တချို့က Backfire Effect (သက်သေပြလေ၊ ပိုဆန့်ကျင်လေ) ဒါမှမဟုတ် Conceptual Conservatism (အမြင်ဟောင်းကို ထိန်းသိမ်းခြင်း) လို့လည်း ခေါ်ကြတယ်။

ဥပမာတစ်ခု ကြည့်ရအောင်…

ရန်ကုန်မှာ မိသားစု စတိုးဆိုင်တစ်ဆိုင် ဖွင့်ထားတဲ့ ဦးလေးကြီးတစ်ယောက်ကို စဉ်းစားကြည့်ပါ။ 

သူက "ဆိုင်ဆိုတာ နေရာကောင်းမှ၊ ဆိုင်းဘုတ်ကြီးမှ ရောင်းရတယ်" ဆိုတဲ့ ယုံကြည်ချက်နဲ့ ဆယ်စုနှစ်ချီ အလုပ်လုပ်လာတာ။

သူ့တူက Digital ခေတ်မှာ "Facebook မှာ Page ထောင်ပြီး Live လွှင့်ရောင်းရင် ပိုမြန်တယ်၊ ပိုထိရောက်တယ်၊ လူပိုသိတယ်" လို့ တခြားဆိုင်တွေ အောင်မြင်နေတဲ့ Data တွေ၊ Screenshot တွေနဲ့တကွ လာပြတယ်။

ဦးလေးကြီးက ဘာပြန်ပြောလဲ။

"မင်းတို့လူငယ်တွေ ဒါတွေမသိပါဘူး၊ အလကား အချိန်ဖြုန်းတာ၊ ပိုက်ဆံဖြုန်းတာ" ဆိုပြီး သူ့နည်းလမ်းအဟောင်း (နေရာကောင်းကောင်းမှာ ဆိုင်ထိုင်စောင့်တဲ့နည်း) ကိုပဲ ဆက်လုပ်တယ်။ 

သူ့ဆိုင်မှာ လူတဖြည်းဖြည်း နည်းလာတာကို "မြင်နေရတာတောင်" သူ့ယုံကြည်ချက်ကို မပြောင်းနိုင်ဘူး။ ဒါဟာ Belief Perseverance ပါပဲ။


❓ ဒါဆို... ဒီလို ခေါင်းမာမှုက ဘာလို့ ဖြစ်လာရတာလဲ။

လူတွေက တမင်သက်သက် ညစ်ပြီး ခေါင်းမာနေကြတာ မဟုတ်ပါဘူး။ 

ကျွန်တော်တို့ ဦးနှောက်ရဲ့ အလုပ်လုပ်ပုံ၊ စိတ်ရဲ့ ကာကွယ်ရေး ယန္တရားတွေကြောင့် အဓိက ဖြစ်ရတာပါ။


၁။ Causal Thinking (အကြောင်း-အကျိုး ဆက်စပ်တွေးခြင်း)

ကျွန်တော်တို့က ယုံကြည်ချက် (Belief) တစ်ခုတည်းကို မှတ်ထားတာ မဟုတ်ပါဘူး။

အဲဒီယုံကြည်ချက် "ဘာကြောင့်မှန်တယ်" ဆိုတဲ့ ကိုယ့်ဘာသာကိုယ် ရှင်းပြထားတဲ့ "ဇာတ်လမ်း" (Explanation) ကိုပါ တွဲပြီး မှတ်ထားတာပါ။

ဥပမာ၊ "ငါက ညဉ့်နက်မှ စာကျက်လို့ရတာ" ဆိုတဲ့ ယုံကြည်ချက်နဲ့အတူ "ဘာလို့လဲဆိုတော့ နေ့ခင်းက ဆူညံတယ်၊ ညက တိတ်ဆိတ်တယ်၊ အာရုံစိုက်လို့ရတယ်" ဆိုတဲ့ 'ဇာတ်လမ်း' ကို ဦးနှောက်က ဖန်တီးထားတယ်။

နောက်ပိုင်းမှာ သိပ္ပံပညာရှင်တွေက "မနက်စောစောက ဦးနှောက်က အသစ်သင်ဖို့ အကောင်းဆုံး" ဆိုတဲ့ သက်သေတွေ လာပြရင်တောင်၊ ကိုယ့်ဦးနှောက်ထဲမှာ အခိုင်အမာ မှတ်မိနေတဲ့ "ညက တိတ်ဆိတ်တယ်" ဆိုတဲ့ ဇာတ်လမ်း (Causal Explanation) က ပိုခိုင်မာနေတုန်းပဲ။ ဒါကြောင့် မူလယုံကြည်ချက်ကို မပြောင်းနိုင်တော့ပါဘူး။


၂။ Cognitive Dissonance (အသိတရား ကွဲလွဲမှု)

ဒါက အရေးကြီးဆုံး အချက်တစ်ချက်ပါ။ 

စိတ်ပညာရှင် Leon Festinger က စတင်မိတ်ဆက်ခဲ့တာပါ။ 

ဒါက "ကိုယ့်ရဲ့ မူလယုံကြည်ချက် (သို့) ကိုယ့်ရဲ့ ကိုယ်ပိုင်ပုံရိပ် (Self-identity) နဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ အချက်အလက်သစ်တစ်ခု ဝင်လာတဲ့အခါ" ခံစားရတဲ့ စိတ်အစိုးမရမှု၊ မသက်မသာဖြစ်မှု (Discomfort) ကို ဆိုလိုတာပါ။

ဥပမာ: "ငါက စီးပွားရေးမှာ အရမ်းတော်တဲ့၊ ဆုံးဖြတ်ချက်မှန်ကန်တဲ့ လူတစ်ယောက်" လို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ထားတယ်။

ဒါပေမဲ့ ကိုယ်တိုင်ဦးစီးပြီး လုပ်လိုက်တဲ့ Project အသစ်က "အရှုံးပေါ်နေပြီ" ဆိုတဲ့ Data အချက်အလက် (သက်သေ) ထွက်လာတယ်။

အခု ကိုယ့်စိတ်ထဲမှာ "ငါက တော်တယ်" ဆိုတဲ့ ယုံကြည်ချက်နဲ့ "Project က ရှုံးနေပြီ" ဆိုတဲ့ သက်သေက "တိုက်ပွဲ" ဖြစ်နေပြီ။ ဒါကို Cognitive Dissonance လို့ခေါ်တယ်။

ဒီလို စိတ်မသက်မသာ ဖြစ်မှုကို လျှော့ချဖို့ ကိုယ့်မှာ နည်းလမ်း ၂ ခုရှိတယ်။


(၁) ယုံကြည်ချက်ကို ပြောင်းမယ်

"ဟုတ်သားပဲ၊ ငါမှားသွားတယ်။ ငါမတော်သေးဘူးပဲ။ Project ကို ရပ်မယ်။" (ဒီအသိကို လက်ခံလိုက်ရတာက စိတ်ပိုင်းဆိုင်ရာအရ ကြည့်မယ်ဆိုရင် အရမ်းနာကျင်ရတယ်)


(၂) သက်သေကို ပယ်ချမယ်

 "ဒီ Data တွေ မှားနေတာ။ စာရင်းကိုင် ညံ့လို့။ ခဏစောင့်ကြည့်၊ နောက်လဆို အမြတ်ပေါ်မှာ။" (ဒါမျိုးကို လက်ခံလိုက်ရတာက စိတ်ပိုင်းဆိုင်ရာအရဆိုရင် ပိုပြီး လွယ်ကူတယ်)

ဒါကြောင့် လူအများစုက နည်းလမ်း (၂) ကိုပဲ ရွေးချယ်ပြီး လက်ခံလိုက်ကြတယ်။ 

ဒီလိုနဲ့ မအောင်မြင်တဲ့ Project တွေ၊ မအောင်မြင်တဲ့ ဆက်ဆံရေးတွေရဲ့ ရလဒ်တွေက "သက်သေတွေနဲ့ ထင်ရှားနေတာတောင်" ဆက်ပြီး ဆုပ်ကိုင်ထားမိကြတယ်။ အမှန်တရားကို လက်ခံဖို့ ခက်ခဲခြင်းရဲ့ နောက်ဆက်တွဲ အကျိုးရလဒ်တစ်ခုပေါ့။ 

ဒါပေမဲ့ ဦးနှောက်ကတော့ ကိုယ်မှတ်ထားတဲ့ အမှန်တရားကို စွန့်ပစ်လိုက်ဖို့ထက်၊ မှားယွင်းတဲ့ အကျိုးရလဒ်ကို လက်ခံနေရတာက ပိုပြီး သက်တောင့်သက်သာ ရှိနေတတ်တယ်။ 


၃။ Confirmation Bias (အမြင်တူရာ ရှာဖွေမှု)

ဒါက Belief Perseverance ရဲ့ "လက်ထောက်" လိုပါပဲ။ 

ကိုယ်က ယုံကြည်ချက်တစ်ခုကို ခိုင်ခိုင်မာမာ ယုံပြီးသွားပြီဆိုရင်၊ ဦးနှောက်က အလိုအလျောက် "အဲဒီယုံကြည်ချက်ကို ထောက်ခံတဲ့" အချက်အလက်တွေကိုပဲ လိုက်ရှာဖွေ၊ လိုက်ဖတ်၊ လိုက်မှတ်မိပါတော့တယ်။ 

"ဆန့်ကျင်တဲ့" အချက်အလက်တွေကိုတော့ "အရေးမပါဘူး"၊ "ဒါတွေက အတုတွေ" ဆိုပြီး လျစ်လျူရှုပစ် လိုက်ပါတယ်။


၄။ Ego Defense Mechanism (အတ္တကို ကာကွယ်ခြင်း)

ကျွန်တော်တို့ရဲ့ ယုံကြည်ချက်တွေ၊ အမြင်တွေဆိုတာ "ငါဆိုတဲ့" ပုဂ္ဂိုလ် (Self-Identity) ရဲ့ အစိတ်အပိုင်းတွေ ဖြစ်လာတတ်တယ်၊ ကိုယ့်ရဲ့ အမြင်တွေကို စွန့်ပစ်ရတာ၊ ပြုပြင်ရတာ၊ ပြောင်းလဲရတာက ကိုယ့်ရဲ့ ဖြစ်တည်မှုကို ပြုပြင်လိုက်ရသလိုမျိုး ခံစားရစေတယ်။ 

"ငါမှားသွားပြီ" လို့ ဝန်ခံလိုက်ရတာဟာ "ငါက အရည်အချင်းမရှိဘူး"၊ "ငါက မသိနားမလည်ဘူး" လို့ ဝန်ခံလိုက်ရသလိုမျိုး ကိုယ့်ရဲ့ အတ္တ (Ego) ကို ထိခိုက်နစ်နာမှုလေး တစ်ချို့တလေ ဖြစ်သွားစေတယ်။ 

(တကယ်တော့ ကိုယ့်ရဲ့ အမြင်တွေကို ပြုပြင်လိုက်ရလို့ ကိုယ့်ရဲ့ ဖြစ်တည်မှုက မနစ်နာသွားပါဘူး၊ ဒါပေမယ့် ဦးနှောက်က တစ်သက်လုံး စွဲကိုင်လာတဲ့ အယူအဆတွေကို စွန့်လွှတ်ပြီး အယူအဆအသစ်တွေကို နေရာပေးဖို့အတွက် အလုပ်သစ်တွေကို လုပ်ရမှာကို မခံနိုင်လို့ တွန်းကန်နေတာ ဖြစ်ပါတယ်။) 

ကိုယ့်ရဲ့ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားမှု (Self-esteem) ကို အထိအခိုက် မခံနိုင်တဲ့အတွက်၊ "ငါမမှားဘူး၊ မင်းတို့ပြတဲ့ သက်သေတွေကသာ မှားနေတာ" ဆိုပြီး ကိုယ့်ကိုကိုယ် အကာအကွယ် (Defense Mechanism) လုပ်ပါတော့တယ်။



🌍 ကမ္ဘာကျော် သမိုင်းဝင် ဥပမာများ

Belief Perseverance က လူတစ်ဦးတစ်ယောက်တည်းမှာ ဖြစ်တာမဟုတ်ဘဲ၊ လူအုပ်စုလိုက်၊ ကုမ္ပဏီအဖွဲ့အစည်းလိုက်၊ နိုင်ငံအလိုက်တောင် ဖြစ်တတ်ပါတယ်။


ဥပမာ ၁ - "ဘယ်တော့မှ မနစ်မြုပ်နိုင်တဲ့" သင်္ဘော (The Titanic)

RMS Titanic သင်္ဘောကြီးကို မခရီးမထွက်ခင်ကတည်းက "Unsinkable" (လုံးဝ မနစ်မြုပ်နိုင်သော) ဆိုပြီး လူတိုင်းက ယုံကြည်ကြတယ်။ 

ဒီယုံကြည်ချက်က အခိုင်အမာ ရှိလွန်းတဲ့အတွက် အရေးပေါ် အသက်ကယ်လှေ (Lifeboats) တွေ လုံလုံလောက်လောက် ထည့်ဖို့လိုတဲ့ သတိပေးချက်တွေကိုတောင် လျစ်လျူရှုခဲ့ကြတယ်။

"ဒီလောက်ကြီးကျယ်ခမ်းနားတဲ့ သင်္ဘောကြီးက ဘယ်လိုလုပ် အန္တရာယ်ဖြစ်နိုင်မှာလဲ" ဆိုတဲ့ Belief Perseverance ကြောင့်ပါ။ 

ရေခဲတောင်ကို ဝင်တိုက်ပြီး၊ "မနစ်မြုပ်နိုင်တဲ့ သင်္ဘော" ဆိုတဲ့ ယုံကြည်ချက် မှားနေပြီဆိုတဲ့ "သက်သေ" မျက်စိရှေ့မှာ မြင်နေရတဲ့ အချိန်မှာတော့ အသက်ပေါင်း ၁၅၀၀ ကျော်အတွက် အချိန်နှောင်းသွားပါပြီ။


ဥပမာ ၂ - "Dewey Defeats Truman" သတင်းမှား

၁၉၄၈ အမေရိကန် သမ္မတရွေးကောက်ပွဲမှာ၊ ပြိုင်ဘက် Thomas E. Dewey က လက်ရှိသမ္မတ Harry S. Truman ကို အပြတ်အသတ် နိုင်လိမ့်မယ်လို့ သတင်းဌာနတွေ၊ လူထု စစ်တမ်း (Polls) တွေအားလုံးက "တညီတညွတ်တည်း" ယုံကြည်ခဲ့ကြတယ်။

ဒီယုံကြည်ချက်က ခိုင်မာလွန်းလို့ Chicago Daily Tribune သတင်းစာက ရွေးကောက်ပွဲ မပြီးသေးခင်၊ မဲအားလုံး မရေတွက်ရသေးခင်မှာပဲ "Dewey Defeats Truman" (Dewey က Truman ကို အနိုင်ရ) ဆိုတဲ့ ခေါင်းစီးနဲ့ သတင်းစာတွေ ကြိုတင် ရိုက်နှိပ် ဖြန့်ချီခဲ့ပါတယ်။

တကယ်တမ်းမှာတော့၊ အားလုံးရဲ့ယုံကြည်ချက်နဲ့ ဆန့်ကျင်ပြီး Truman က အံ့အားသင့်ဖွယ် အနိုင်ရသွားခဲ့တယ်။ မှားယွင်းနေတဲ့ Polls တွေအပေါ် အခြေခံထားတဲ့ ယုံကြည်ချက်ကို ခေါင်းမာမာ ဆုပ်ကိုင်ထားမှု (Belief Perseverance) ရဲ့ သမိုင်းဝင် ပြယုဂ်တစ်ခုပါပဲ။



🚀 ဒီဘက်လိုက်မှု (Bias) ကို ဘယ်လိုရှောင်ရှားမလဲ။

ဒါက ကျွန်တော်တို့အားလုံးအတွက် အရေးကြီးဆုံး အပိုင်းပါ။ 

ကိုယ့်ရဲ့ ကိုယ်ပိုင်ဘဝ ဒါမှမဟုတ် စီးပွားရေးမှာ ဒီ Bias ကြောင့် ဆုံးဖြတ်ချက်မှားတွေ မချမိအောင်၊ အခွင့်အလမ်းကောင်းတွေ လက်မလွှတ်ရအောင် ဘယ်လိုကာကွယ်မလဲ။

လူ့သဘာဝတစ်ခု ဖြစ်တဲ့အတွက် ကိုယ့်အစွဲနဲ့ကိုယ် ဆုံးဖြတ်ချက်တွေ၊ ရွေးချယ်မှုတွေကို လုပ်တာကို ၁၀၀% အပြည့်အဝ ရှောင်ရှားဖို့ကတော့ မဖြစ်နိုင်ပေမယ့် ဒီအချက် ၃ ချက်ကို လေ့ကျင့်သွားရင် ဒီ Bias ရဲ့ သက်ရောက်မှုကို အများကြီး လျှော့ချနိုင်ပါလိမ့်မယ်။


၁။ "ငါဘာလို့ ဒီလိုယုံကြည်နေတာလဲ" လို့ ကိုယ့်ကိုယ်ကိုယ် မေးခွန်းထုတ်ပါ။ (Foster Critical Thinking)

ကိုယ့်ယုံကြည်ချက်တွေကို "ဘုရားပေးတဲ့ အမှန်တရား" တွေလို မသတ်မှတ်ပါနဲ့။

"ယာယီ ယူဆချက်" (Hypothesis) တွေလို သဘောထားပါ။ 

"ငါ ဒီလိုယုံကြည်နေတာ ဘယ်အချက်အလက်ကြောင့်လဲ?"၊ "အဲ့ဒီအချက်အလက်က အခုအချိန်ထိ မှန်နေသေးရဲ့လား?" လို့ ကိုယ့်ကိုယ်ကိုယ် မကြာခဏ ပြန်မေးပါ။

အရေးအကြီးဆုံးက၊ ကိုယ့်အမြင်နဲ့ ဆန့်ကျင်တဲ့ အမြင်တွေ၊ သက်သေတွေကို တမင်သက်သက် လိုက်ရှာဖတ်ပါ။ (Actively seek out challenging evidence)။


၂။ ပတ်ဝန်းကျင်/အသိုင်းအဝိုင်း မတူတဲ့သူတွေဆီက Feedback တောင်းပါ။ (Seek Diverse Feedback)

ကိုယ်နဲ့ အမြင်တူ၊ သဘောတူတဲ့သူတွေ (Echo Chamber) ကြားထဲမှာပဲ နေထိုင် ဆွေးနွေးတာကို ရပ်လိုက်ပါ။ 

ကိုယ့်အဖွဲ့ထဲမှာ၊ ကိုယ့်လုပ်ငန်းမှာ ကိုယ့်ကို "မဟုတ်ဘူး"၊ "မှားနေတယ်" လို့ ဝေဖန်ရဲတဲ့သူတွေ ရှိနေဖို့ အရေးကြီးပါတယ်။

သူတို့ရဲ့ ဝေဖန်မှု၊ တုံ့ပြန်မှု (Feedback) ကို "တိုက်ခိုက်မှု" လို့ မသတ်မှတ်ဘဲ၊ "ကိုယ့်အမြင်ကို ပိုကောင်းအောင် လုပ်ပေးမယ့် အချက်အလက်သစ်" (New Data) အနေနဲ့ လက်ခံနားထောင်ကြည့်ပါ။


၃။ "မှားနိုင်တယ်" ဆိုတဲ့ စိတ်ကို မွေးမြူပါ။ "မှားမှန်းသိရင် ပြင်မယ်" လို့ ဆုံးဖြတ်ပါ။ (Practice Reflection & Humility)

လောကမှာ အန္တရာယ်အရှိဆုံးလူတွေက "ငါအကုန်သိတယ်၊ ငါအမြဲမှန်တယ်" လို့ ယုံကြည်ထားတဲ့သူတွေပါ။

အောင်မြင်တဲ့ စွန့်ဦးတီထွင်သူတွေ၊ သိပ္ပံပညာရှင်တွေမှာ "Strong opinions, weakly held" (ခိုင်မာတဲ့အမြင် ရှိတယ်၊ ဒါပေမဲ့ သက်သေအသစ်တွေ့ရင် ပြောင်းလဲဖို့ ဝန်မလေးဘူး) ဆိုတဲ့ စိတ်ဓာတ်ရှိကြတယ်။

ကိုယ့်ရဲ့ Ego (အတ္တ) ကို "မှန်ကန်မှု" နဲ့ မချိတ်ဆက်ဘဲ၊ "သင်ယူမှု" (Learning) နဲ့ "တိုးတက်မှု" (Growth) နဲ့ ချိတ်ဆက်ထားပါ။ 

တစ်ခုခုကြောင့် ကိုယ့်ရဲ့ အမြင်ကိုပြောင်းလဲရတာက ကိုယ့်ကို ထိခိုက်နစ်နာစေဖို့ မဟုတ်ဘဲ၊ ပိုကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တွေ၊ ရွေးချယ်မှုတွေကို ပြုလုပ်နိုင်ဖို့ဆိုတာကို သတိပြုကြည့်ပါ။ 

"ငါမနေ့ကထက် ဒီနေ့ ပိုသိလာတယ်၊ ပိုကောင်းလာတယ်" ဆိုတဲ့ စိတ်ထားကို "ငါအမြဲမှန်တယ်" ဆိုတဲ့ စိတ်ထားလေးထက် ပိုပြီး ဦးစားပေး ရှေ့တန်းတင်မယ်ဆိုရင် မိတ်ဆွေ ရှေ့ဆက်ရမယ့် ဘဝအချိုးအကွေ့တွေက အရင်ကထက် ပိုပြီး ဖြောင့်ဖြူးလွယ်ကူလာတာကို မြင်တွေ့ရပါလိမ့်မယ်။ 



🔑 အဓိက မှတ်သားစရာ (Key Takeaway)

Belief Perseverance ဆိုတာ "ငါတို့ မှားနေပြီ" ဆိုတဲ့ သက်သေတွေ မျက်စိရှေ့မှာ ရှိနေတာတောင်၊ ကိုယ့်ရဲ့ မူလယုံကြည်ချက်ကို ခေါင်းမာမာ ဆုပ်ကိုင်ထားတဲ့ လူ့သဘာဝ စိတ်ပိုင်းဆိုင်ရာ ဘက်လိုက်မှု (Bias) တစ်ခုပါ။

ဒါဟာ Cognitive Dissonance (စိတ်မသက်မသာမှု) ကို ရှောင်ချင်တာ၊ Confirmation Bias (အမြင်တူရာ ရှာတာ) နဲ့ Ego (အတ္တ) ကို ကာကွယ်တာတွေကြောင့် ဖြစ်လာရတာပါ။

ဒီ Bias ကို ကျော်လွှားနိုင်ဖို့ တစ်ခုတည်းသော နည်းလမ်းကတော့ "ငါလည်း မှားနိုင်တယ်" ဆိုတဲ့ နှိမ့်ချမှု (Humility) ကို မွေးမြူပြီး၊ ကိုယ့်အမြင်နဲ့ ဆန့်ကျင်တဲ့ သက်သေတွေကို ရဲရဲဝံ့ဝံ့ ရှာဖွေ၊ လေ့လာ၊ လက်ခံနိုင်အောင် ကြိုးစားဖို့ပါပဲ။


©12minNotesMyanmar-Est.2019


~ ~ ~ ~ ~ ~ ~ ~ ~ ~ 


Contact us easily:

YouTube: https://www.youtube.com/12minNotesMyanmar

Facebook: https://www.facebook.com/12minNotes

Messenger: https://m.me/12minNotes

Telegram: https://t.me/My12minNotesBot

Website: https://12minnotes.com

Author : 12min Notes Myanmar