12min Notes Myanmar
ဉာဏ်ရှိဖို့ထက် … လုပ်ရဲဖို့ ပိုလိုတဲ့အခါ
ဉာဏ်ရှိဖို့ထက် … လုပ်ရဲဖို့ ပိုလိုတဲ့အခါ
ဒီနေ့ခေတ်မှာ လူတော်တွေ ဘာလို့ နေရာမရဘဲ ဖြစ်နေတာလဲ? ဘာလို့ ကိုယ့်ထက် ညံ့တယ်ထင်တဲ့သူတွေက ရှေ့ရောက်သွားတာလဲ?
အဖြေက တစ်ခုတည်းပါ။
ဉာဏ်ကြီးလွန်းလို့ ဖြစ်ပါတယ်။
ဉာဏ်ကြီးတာက ကောင်းတယ်ဆိုပေမယ့် ဉာဏ်ကြီးတဲ့သူတွေက အရမ်း တွေးတတ်လွန်းတယ်ဗျ။ တစ်ခုခုလုပ်ဖို့၊ တစ်ခုခုပြောဖို့အတွက်ဆိုရင် ပုံမှန်လူတွေထက် ပိုပြီး စဉ်းစားလွန်းအားကြီးတယ်၊ ကောင်းကွက် ဆိုးကွက်တွေကို အရမ်း ချင့်ချိန်လွန်းတယ်။
အဲ့ဒီအတွက် မလိုအပ်ဘဲ အချိန်တွေ ပိုဆွဲမိတယ်၊ ခြေတစ်လှမ်း လှမ်းဖို့အတွက် ပြင်ဆင်လွန်းအားကြီးတယ်။
မလိုအပ်ဘဲ စိတ်ဖိအားတွေ အပိုယူတယ်၊ စိတ်အပင်ပန်းခံရင်းနဲ့ ကိုယ့်ရဲ့ အားအင်တွေကို အလုပ်မစခင်ကတည်းက ဖြုန်းတီးပစ်လိုက်တယ်။
အစက မစရသေးဘူး၊ လမ်းတစ်ဝက်မှာ ကြုံရမယ့် အခက်အခဲအတွက် ကြိုတင်ပြီးတော့ စိတ်အဆင်းရဲခံရင်းနဲ့ “စစ်မရောက်ခင် မြှားကုန်နေတာ” ပေါ့။
ဒီအချက် တစ်ချက်တည်းကြောင့်ပဲ… ဉာဏ်ကောင်းတဲ့သူတွေက သတ္တိရှိတဲ့သူတွေရဲ့ နောက်လိုက် ဖြစ်နေတာပါ။
တကယ်ပဲ… "ဉာဏ်ကောင်းပေမယ့် သတ္တိမရှိရင်... လူညံ့ရဲ့ နောက်လိုက်” ပဲ ဖြစ်ရတတ်ပါတယ်။
ကျွန်တော်တို့ပတ်ဝန်းကျင်မှာ ကြည့်လိုက်ရင် စာလည်းတော်၊ အရည်အချင်းလည်း ရှိတဲ့သူတွေ အများကြီးရှိတယ်။ ဒါပေမယ့် သူတို့တွေက ဘယ်တုန်းကမှ bold ဖြစ်တဲ့ (ပြောင်မြောက်တဲ့) အလုပ်တစ်ခုကို စလုပ်ဖို့ မစမ်းသပ်ရဲကြဘူး ဆိုတာကိုလည်း တစ်ပါတည်း တွဲတွေ့ရမှာပါ။
ကျောင်းကပွဲမှာ စင်ပေါ် မတက်ရဲဘူး။
အိုင်ဒီယာတွေ နှီးနှော ဖလှယ်ချိန် မှားမှား မှန်မှန် ကိုယ်ထင်ရာကို ဝင်မပြောရဲဘူး။
အခွင့်အရေးတစ်ခုကို မျက်စိရှေ့ထားပြီး တွေးပူနေတော့ အခွင့်အရေးဆိုတာကို ထိုင်ကြည့်ရင်းနဲ့ပဲ ပြီးဆုံးသွားတာ များတယ်။
ထ, လုပ်လိုက်လို့ တစ်ခုခုများ မှားသွားရင်…. ဆိုတဲ့ အတွေးနဲ့ ကိုယ့်ရဲ့မူလပါရမီကို မှီခိုလွန်းအားကြီးတာမျိုးလည်း ဖြစ်တတ်ပါတယ်။
ဒါပေမဲ့ အခွင့်အရေးဆိုတာ… ထိုင်ကြည့်နေတဲ့သူဆီကို ဘယ်တော့မှ မရောက်လာပါဘူး။ ရောက်လာရင်လဲ သတ္တိရှိတဲ့သူတွေရဲ့ ရွေးချယ်ပြီးသားတွေ ဖြစ်နေတတ်တယ်။
အခွင့်အရေးဆိုတာ ထိုင်ကြည့်နေသူတွေထက် ထပြီး အမိအရ ယူရဲတဲ့ သူတွေအတွက်ပဲ ပိုကောင်းနေတာမျိုးပါ…
လက်တွေ့အမှန်တရားမှာ အောင်မြင်နေသူတွေက ကျွန်တော်တို့ထက် ဉာဏ်ပိုကောင်းနေလို့ အောင်မြင်နေကြတာ မဟုတ်ဘူး။ သူတို့က "သတ္တိ" ကို ပိုပြီး ရှေ့တန်းတင်ရဲကြလို့ အောင်မြင်နေကြတာပါ။
သတ္တိကို အကြိမ်ကြိမ် ရှေ့တန်းတင်ရင်းနဲ့ ကမ္ဘာ့ရောင်းအား အကောင်းဆုံး စာရေးဆရာ၊ စွန့်စားတီထွင်သူ မီလီယံနာကြီး တစ်ဦး ဖြစ်လာသူ Jennifer Cohen ရဲ့ “The Secret To Getting Anything You Want In Life TED Talk” ထဲက စိတ်ဓာတ်ခွန်အားဖြည့် အယူအဆ (၃) ခုကို မြန်မာလူငယ်တွေအတွက် အခုလို ပြန်လည် မျှဝေလိုက်ပါတယ်။
၁။ ကိုယ်လိုချင်တာကို သိရုံနဲ့မရဘူး၊ တောင်းဆိုရဲရမယ်။
ကျွန်တော်တို့ဆီမှာ "အားနာတတ်တာ" ကို အကျင့်စာရိတ္တကောင်းတယ်လို့ အထင်လွှဲတတ်ကြတယ်။ ဒါပေမဲ့ အားနာတတ်တာနဲ့ အကျင့်စာရိတ္တကောင်းတာနဲ့က မတူပါဘူး။
ကိုယ့်ရဲ့ ရည်မှန်းချက်အတွက် ယဉ်ကျေးပျူငှာစွာနဲ့ တောင်းဆိုဖို့ကို လုံးဝ ဝန်မလေးပါနဲ့။ ကိုယ်က မပြောရင် တစ်ဖက်လူကလည်း ကိုယ်ဘာလိုချင်လဲ သိမှာမဟုတ်ပါဘူး။ အခွင့်အရေးတွေကို အမိအရ ကျယ်ကျယ်လောင်လောင် ရဲရဲရင့်ရင့်နဲ့ ဆုပ်ကိုင်ပါ။
၂။ "၁၀ ကြိမ်" စည်းမျဉ်းကို သုံးပါ။
တစ်ခါလောက် အငြင်းခံရရုံ၊ တစ်ခါလောက် ရှုံးရုံနဲ့ "ငါနဲ့မထိုက်တန်ဘူး" ဆိုပြီး ဉာဏ်နဲ့ယှဉ်တဲ့ ဆင်ခြေမပေးပါနဲ့။
ကိုယ်လိုချင်တာအတွက် အနည်းဆုံး (၁၀) ကြိမ်လောက်အထိ ရေကုန်ရေခမ်း ကြိုးစားကြည့်ပါ။
ကံကောင်းရင် ပထမ (၃) ကြိမ်မှာတင် ရသွားနိုင်တယ်။ ကံဆိုးလို့ ပထမ (၉) ကြိမ်မှာ အငြင်းခံရမယ် ဆိုရင်တောင် (၁၀) ကြိမ်မြောက်မှာတော့ သင်မထင်မှတ်ထားတဲ့ လမ်းကြောင်းအသစ် ဒါမှမဟုတ် ကံကောင်းမှုတစ်ခုကို တွေ့ရပါလိမ့်မယ်။
၃။ ကျရှုံးမှုကို အကြာကြီး ပွေ့ပိုက်မထားနဲ့။
မှားသွားလို့၊ ရှုံးသွားလို့ ခံစားနေရတဲ့အချိန်က အလဟဿပါပဲ။ စိတ်ပျက်လို့ ရပေမယ့်၊ ကိုယ့်ဘဝကတော့ အဲ့ဒီနားမှာတင် ပြီးမသွားတာမို့လို့ လုံးဝ အလျှော့ပေးလိုက်လို့ မရပါဘူး။
"ဘာမှမလုပ်ဘဲ သူများအောင်မြင်တာကို ငေးကြည့်နေရတဲ့ ခံစားချက်" က ကျရှုံးတာထက် အဆပေါင်းများစွာ ပိုနာကျင်ရပါတယ်။
အမှားဆိုတာ ကိုယ့်ဘဝအတွက် သင်ခန်းစာပဲ ဖြစ်သင့်တယ်၊ အဟန့်အတား ဖြစ်လာဖို့အထိတော့ ခွင့်မပြုလိုက်ပါနဲ့။
ဒီ TED Talk Summary လေးက သင့်အတွက် "မဖြစ်ဖြစ်အောင် လုပ်မယ်ဟေ့" ဆိုတဲ့ သတ္တိကို ရရှိစေဖို့အတွက် အထောက်အကူ ဖြစ်စေလိမ့်မယ်လို့ ယုံကြည်ပါတယ်။
နောက်ဆုံးအနေနဲ့ လက်ဆောင် စကားပါးချင်တာကတော့ “ဉာဏ်ပညာဆိုတာ သတ္တိရှိတဲ့သူရဲ့လက်ထဲ ရောက်မှသာ အစွမ်းပြနိုင်တာပါ” လို့ပါပဲ။
https://www.youtube.com/watch?v=wM82hE6oimw
©12minNotesMyanmar-Est.2019
~ ~ ~ ~ ~ ~ ~ ~ ~ ~
Contact us easily:
YouTube: https://www.youtube.com/12minNotesMyanmar
Facebook: https://www.facebook.com/12minNotes
Messenger: https://m.me/12minNotes
Telegram: https://t.me/My12minNotesBot
Website: https://12minnotes.com
Author : 12min Notes Myanmar