12min Notes Myanmar

လိမ်ညာခြင်းရဲ့ နောက်ကွယ်က စိတ်ပညာ (လူတစ်ယောက် လိမ်နေတာကို ဘယ်လိုသိနိုင်မလဲ ?)

img

လိမ်ညာခြင်းရဲ့ နောက်ကွယ်က စိတ်ပညာ (လူတစ်ယောက် လိမ်နေတာကို ဘယ်လိုသိနိုင်မလဲ ?)

သူညာနေတာကို သိသိကြီးနဲ့ အားနာလို့ ပြုံးပြပေးလိုက်တဲ့ အချိန်မျိုး ရှိဖူးလား… 

အကယ်၍ သူညာနေတာက ကိုယ့်ကိုမထိခိုက်စေဘူးဆိုရင် ပြဿနာ မရှိပေမယ့်၊ ကိုယ့်ကို ထိခိုက်နစ်နာစေဖို့ ဆိုရင်တော့ သူပြောနေတာတွေကို သာမန်ကာလျှံကာလို သဘောမထားမိဖို့ လိုပါတယ်။ 

Online ကနေ ပစ္စည်းမှာလိုက်ပြီးမှ အလိမ်ခံရတာ၊ ကိုယ့်သူငယ်ချင်းကြီး အရင်းခေါက်ခေါက်က ငွေတွေလိမ်သွားတာ၊ ကိုယ်ယုံကြည်ထားတဲ့ လက်တွဲဖော်က တစ်ခုခု ဖုံးကွယ်ထားတာ... 


🔷 ဒါတွေကို ခံရဖူးတယ်ဆိုရင် “ငါ ဒီလောက်ယုံကြည်ပေးထားတာတောင်မှ ငါ့ကို လိမ်သွားတယ်" လို့ ဒီနေ့ကနေစပြီး မတွေးပါနဲ့တော့… 

🔷 အဲ့ဒီအစား "ငါက ဘာကြောင့်များ သူတို့ကို ယုံပေးလိုက်မိတာလဲ" ဆိုပြီး ပြန်ပြောင်းတွေးကြည့်မယ်ဆိုရင် နောက်တစ်ခါ အလိမ်ခံရဖို့ အခွင့်အရေး နည်းပါးသွားပါလိမ့်မယ်။


အမေရိကန် စာရေးဆရာမ၊ လတ်မှတ်ရ အလိမ်ဖော်ထုတ်သူတစ်ဦး ဖြစ်တဲ့ Pamela Meyer က “lying is a cooperative act” (အလိမ်အညာဆိုတာ နှစ်ဦးသဘောတူ ပူးပေါင်းခြင်းတစ်မျိုး) ပဲလို့ ဆိုထားပါတယ်။

စာရေးဆရာမ Meyer က ဒီစကားကို လက်လွှတ်စပယ် ပြောတာလည်း မဟုတ်သလို၊ နစ်နာသူအပေါ်ကို အပြစ်ပုံချချင်လို့ တမင် ပြောတာလည်း မဟုတ်ပါဘူး။ 

သူက ဒီလိုရှင်းပြထားပါတယ်… 


🔺 ကျွန်တော်တို့မှာ "ဆန္ဒ" (Hunger) ရှိနေလို့ ကျွန်တော်တို့တွေ အလိမ်ခံရတာ ဖြစ်တယ်။  

ပိုချမ်းသာချင်တဲ့ ဆန္ဒကြောင့် "အမြတ်အများကြီးရမယ်" ဆိုတဲ့ စီးပွားရေးလိမ်ညာမှုကို ယုံမိတယ်။ (အမှန်တော့ မဖြစ်နိုင်ဘူး ဆိုတာကို ရိပ်မိနေပြီးသား၊ ကိုယ့်ဆန္ဒတွေက ပြင်းပြနေလွန်းလို့သာ ဟုတ်မလား ဆိုတဲ့ မျှော်လင့်ချက်နဲ့ ပုံအောလိုက်မိတာ) 

အချစ်ကို ဆာလောင်နေလို့ "ကိုယ်ဖြစ်ချင်တဲ့ ပုံစံအတိုင်း ခဏတာ ဟန်ဆောင်ပြတဲ့" လက်တွဲဖော်ကို ယုံမိတယ်။ (အမှန်တော့ သူ့ပုံစံက နည်းနည်းတော့ မသင်္ကာစရာ ဖြစ်နေတာကို နည်းနည်းပါးပါးတော့ ရိပ်မိနေတယ်၊ ဒါပေမယ့် သူနဲ့ အဆင်ပြေချင်နေသေးလို့သာ မသိချင်ယောင်ဆောင်နေမိတာ)

ကိုယ်ဖြစ်ချင်တဲ့ပုံစံ (Ideal) နဲ့ တကယ်ဖြစ်နေတဲ့ပုံစံ (Reality) ကြားက ကွာဟချက်ကို ကိုယ်တိုင် မေ့လျော့ပစ်လိုက်ဖို့အတွက် အလိမ်အညာတွေကို ကျွန်တော်တို့ ကိုယ်တိုင်က ခေါင်းငြိမ့်လက်ခံ ပေးနေမိတာကို သတိပြုမိရပါမယ်။  


🔺 ကြားဖူးနားဝရှိတဲ့ သတ်မှတ်ချက်တွေနဲ့ ပြန်ဖြည့်တွေးပေးရင်းနဲ့ လိမ်လုံးတွေကို မငြင်းမိဘူး။ 

လိမ်တဲ့လူတွေနဲ့ ပတ်သက်ပြီး လူတွေ အထင်မှားနေတဲ့ အချက် (၂) ချက် ရှိတယ်။

▪️ မျက်လုံးချင်း မဆုံရဲမှသာ တကယ်လိမ်နေတာ။ 

တကယ်တော့ ဒါဟာ လူတွေ ကြားဖူးနားဝ လျှောက်ပြောကြတာပါ၊ တကယ်လိမ်တဲ့သူက သင်ယုံမယုံ သိချင်လို့ သင့်မျက်လုံးကို ပိုပြီး စိုက်ကြည့်တတ်ပါတယ်။

▪️ လိမ်တဲ့သူက ပိုပြီး ဂနာမငြိမ် ဖြစ်တတ်တယ်။ 

မှားပါတယ်… လိမ်နေတဲ့သူဟာ သူ့ကိုယ်သူ ထိန်းချုပ်ဖို့ ကြိုးစားရလွန်းလို့ သူ့ခန္ဓာကိုယ်က ကျောက်ရုပ်တစ်ရုပ်လိုမျိုး (freeze) တည်ငြိမ်လွန်း နေတတ်ပါတယ်။

---------------------------------------

ကျွန်တော်တို့တွေ ဒီလို လူလိမ်တွေရဲ့ အမူအရာတွေကို သိထား၊ နားလည်ထားတာက ဇာတ်လမ်းတွေထဲက stalker တွေလိုမျိုး လူတိုင်းရဲ့ တစ်ကိုယ်ရည် လျှို့ဝှက်ချက်တွေနဲ့ လူမသိစေချင်တဲ့ အရာတွေကို လိုက်ပြီး ဖော်ထုတ်နေဖို့ မဟုတ်ပါဘူး။ 

လူအချင်းချင်း လှည့်ပတ်ပြီးတော့ အမြတ်ထုတ်နေကြတဲ့ သူတွေဆီမှာ ကိုယ့်ရဲ့ စိတ်ရင်း၊ စေတနာရင်းတွေ မထိခိုက် မနစ်နာသွားစေဖို့၊ ကိုယ်တန်ဖိုးထားတဲ့ အရာတွေ မဆုံးရှုံးရစေဖို့… ကိုယ့်ကိုကိုယ် ကာကွယ်ဖို့အတွက် အခုလို အဖိုးတန်တဲ့ ‘လူကဲခတ်ပညာ’ ကို သိရှိ နားလည်ထားသင့်တာပါ။ 

---------------------------------------

အားလုံးလိုလို သိထားသင့်တဲ့ လူကဲခတ်ပညာထဲက လူလိမ်ဖမ်းနည်းရဲ့ အဓိက အချက် (၂) ချက်ကို အလိမ်အညာဖော်ထုတ်သူ လတ်မှတ်ရ၊ အမေရိကန် စာရေးဆရာမ Pamela Meyer က အခုလို ပြောပြပေးထားပါတယ်။ 


လူတစ်ယောက်က ကိုယ့်အပေါ်ကို စစ်မှန်သလား၊ လိမ်လည်နေသလားဆိုတာကို သိချင်ရင် 🔷 သူတို့ရဲ့ အပြုံးနဲ့ 🔷 သူတို့ရဲ့ စကားလုံး အသုံးအနှုန်းကို သေချာ ဂရုစိုက်ကြည့်ရင် သိနိုင်ပါတယ်။


🟥 ပါးစပ်က ပြုံးနေတာကို အပြုံးအစစ်လို့ မခေါ်ပါဘူး၊ လူတစ်ယောက်က စိတ်ပါလက်ပါ ပြုံးတဲ့အခါမှာ မျက်လုံးကနေ Crow’s Feet လေးတွေ ပေါ်နေတတ်ပါတယ်။ ( Crow’s Feet ဆိုတာ ရယ်လိုက်ရင် မျက်လုံးဘေးမှာပေါ်တဲ့ အရေးအကြောင်းပါ။) 

မျက်လုံးကပါ ကိုယ့်ကို ပြုံးနေသလား၊ ပါးစပ်သက်သက်နဲ့ပဲ ဟန်ဆောင်ပြုံးနေသလား ဆိုတာကို သူတို့ရဲ့  Crow’s Feet ကို ကြည့်ရင် သိနိုင်ပါတယ်။  


🟥 လူညာတွေမှာ ကြိုတင်ကာကွယ်တတ်ကြတဲ့ အကျင့်တစ်ခုရှိတယ်။ ကိစ္စတစ်ခုကို သူတို့နဲ့ မသက်ဆိုင်ဘူးဆိုတာကို ကြိုပြီး ငြင်းပယ်တဲ့အနေနဲ့ အဲ့ဒီကိစ္စနဲ့ ပတ်သက်သမျှကို ပြင်းပြင်းထန်ထန် ရှောင်တတ်ကြပါတယ်။ (စကားနဲ့ ဖြစ်ဖြစ်၊ အမူအရာနဲ့ဖြစ်ဖြစ်) 

ကိစ္စတစ်ခုကို သူတို့ပြောရင်းနဲ့ "အဲ့ဒီကိစ္စ"၊ "အဲ့ဒီလူ" စသဖြင့် သူတို့နဲ့ မသက်ဆိုင်သလိုမျိုး နာမ်စားတွေကို (Distancing Language) ခပ်စိမ်းစိမ်း သုံးလာပြီဆိုရင် သတိထားသင့်ပါပြီ။ 

---------------------------------------

အကယ်၍ ကိုယ့်ရှေ့က လူက ကိုယ့်ကို ညာနေပြီဆိုတာကို ရိပ်မိတာနဲ့ ဒီအချက်တွေကို လုပ်ကြည့်ပါ။ ⏬️


၁။ အားနာတဲ့စိတ်ကို ဖယ်ထားပါ။ 

တစ်ခုခု လွဲနေပြီလို့ ခံစားရရင် "အားနာလို့" ဆိုပြီး တစ်ဖက်လူကို မျက်စိမှိတ် ဇွတ်မယုံလိုက်ပါနဲ့။ မေးသင့်တာတွေကို ပြန်မေးပါ၊ ပြန်ထောက်ပါ… သူတို့ကို ပြန်ပြီး မေးခွန်းမေးတာဟာ ရိုင်းတာမဟုတ်ဘူး၊ ကိုယ့်အတွက် သေချာသွားအောင်လို့ပါ။ 


၂။ Reverse Chronology နည်းလမ်းသုံးပါ။ 

သူပြောတဲ့ ဇာတ်လမ်းကို အစအဆုံး နောက်တစ်ခေါက် ပြန်ပြောခိုင်းပါ၊ လိမ်နေတဲ့သူတွေက ဇာတ်လမ်းကို ခေါင်းထဲကနေ အစဉ်လိုက် အလွတ်ကျက်ထားတာကြောင့် နောက်တစ်ခေါက် ပြန်ပြောပြဖို့ မလုပ်နိုင်ကြပါဘူး။  


၃။ မထေမဲ့မြင်ပြုတဲ့ အမူအရာတွေကို အထူးသတိထားပါ။ 

ကိုယ့်လက်တွဲဖော် (ဒါမှမဟုတ်) ကိုယ်ယုံကြည်ထားရတဲ့သူနဲ့ ကိုယ်နဲ့ ငြင်းခုံနေချိန်မှာ “နှုတ်ခမ်းတစ်ဖက်တည်းကို တွန့်ပြီး အထင်သေးသလို အကြည့်မျိုး” နဲ့ ဆက်ဆံလာပြီဆိုရင် ဒါဟာ ကိုယ့်အတွက် အန္တရာယ်ပဲဆိုတာကို ချက်ချင်း ရိပ်မိလိုက်ပါ။ 

🔺 ဒီလို မထီမဲ့မြင်လုပ်မှုမျိုးက "ငါက မင်းထက်သာတယ်" ဆိုတဲ့ စိတ် (ego) ကို ဖော်ပြနေတာပါ၊ ကိုယ်နဲ့သူ့ရဲ့ ဆက်ဆံရေးကို သူတို့ရဲ့ မာနကြောင့် အချိန်မရွေး ဖျက်ဆီးနိုင်ပါတယ်။ 


💓 ဒီ TED Talk Summary လေးက ကိုယ့်ရဲ့ ဖြူစင်တတ်တဲ့၊ အားနာတတ်တဲ့ စိတ်ရင်း၊ နှလုံးသားရင်းတွေကို မပျောက်ပျက်စေဖို့ အကာအကွယ်လေးတစ်ခု ဖြစ်သွားစေမယ်လို့ ယုံကြည်ပါတယ်။ 

📍 https://www.ted.com/talks/pamela_meyer_how_to_spot_a_liar


©12minNotesMyanmar-Est.2019


~ ~ ~ ~ ~ ~ ~ ~ ~ ~ 

Contact us easily:

YouTube: https://www.youtube.com/12minNotesMyanmar

Facebook: https://www.facebook.com/12minNotes

Messenger: https://m.me/12minNotes

Telegram: https://t.me/My12minNotesBot

Website: https://12minnotes.com


Author : 12min Notes Myanmar